ဓာတ်ပုံ - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

မြတ်ဆွေ | DMG
ဧပြီ ၂၁ ၊ စစ်တွေ

ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာများအား ရန်ကုန်သို့ပို့မည့် WHO ကား ပစ်ခတ်ခံရမှု ရှိခဲ့သောကြောင့် ယင်းကားတွင်ပါလာသည့် နမူနာများကို လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် လေယာဉ်ဖြင့်ပို့ရန် စီစဉ်နေသည်ဟု ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စစ်တွေမြို့တွင် လေကြောင်းခရီးစဉ်များ ရပ်နားထားသဖြင့် ကိုဗစ် - ၁၉ ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာ ခေါင်း၊ အာခေါင်တို့ဖတ် နမူနာများအား ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ရန်သွားသည့် WHO ကားသည် ဧပြီလ ၂၀ ရက်နေ့က မင်းပြားမြို့နယ်၊ ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီး၌ ပစ်ခတ်ခံခဲ့ရသည်။

ပစ်ခတ်ခံရမှုကြောင့် WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်မှာ ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး မင်းပြားဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားသည်။ သူနှင့်အတူ လိုက်ပါလာသည့် ကျန်းမာရေးကြီးကြပ် (၂) ဦးအောင်မျိုးဦးမှာလည်း ဒဏ်ရာရရှိသွားသဖြင့် စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် ဓာတ်ခွဲနမူနာများကို လေယာဉ်ဖြင့်ပို့ရန် စီစဉ်ခြင်းဖြစ်ပြီး သွားပို့သည့်အခါ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာက ဝန်ထမ်းများနှင့် လေယာဉ်ဝန်ထမ်းများသာပါမည်ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“လူနာတွေရဲ့ ဓာတ်ခွဲနမူနာက၂၀ ရက်နေ့ရပို့မယ့်အရာကို ၂၃ ရက်နေ့မှ ပို့ဖို့စီစဉ်ရတာဆိုတော့ နည်းနည်း နောက်ကျသွားတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာနှင့် သံသယလူနာ စုစုပေါင်း (၃၇)ဦးရှိပြီး (၃၆)ဦးမှာ Ne gative ဖြစ်သည်ဟု ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

WHO ကားပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး အစိုးရပိုင်သတင်းစာများတွင် ရက္ခိုင့်တပ်တော်(AA) လက်ချက်ဟု ထုတ်ပြန်ထားသည်။ သို့သော် AA ကလည်း မိမိတို့လက်ချက်မဟုတ်ကြောင်း၊ တပ်မတော်၏ ပစ်ခတ်မှုသာဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

Author: Admin