ဓာတ်ပုံ - ခင်ခင်ချစ်ဦး

 ခိုင်ရိုးလ | DMG

သြဂုတ် ၁၀ ၊ ကျောက်တော်

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာမှ ကျေးရွာသားများကို တပ်မတော်စစ်ကြောင်းတစ်ခုမှ ဘုန်းတော်ကြီးကျောင်းတွင်ခေါ်ယူပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

ယနေ့ သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီကျော်က ချောင်းတူကျေးရွာနှင့် ဝါးတောင်ကျေးရွာကြား တောင်စဉ်အနီးတွင် မိုင်းပေါက်ကွဲသံနှစ်ချက်နှင့် သေနတ်ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီးနောက် နေ့လည် ၂ နာရီကျော်တွင် တပ်မတော်သားများမှ ချောင်းတူကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ယောက်ျားများကို ခေါ်ယူ စစ်ဆေးနေခြင်းဖြစ်ကြောင်း ချောင်းတူကျေးရွာမှ ဦးမောင်ကျော်ဝင်းက ပြောသည်။

 

“ အခုကတော့ လူကြီးပိုင်း လူ ၄၀ ကျော်လောက်ကို ပြန်လွှတ်ပေးလိုက်ပြီ။ ကျန်နေခဲ့တာကတော့ လူငယ်ပိုင်း ၁၀ ကျော်ကတော့ ကျန်နေခဲ့တယ်။ ကျွန်တော်တို့ကတော့ ညနေ ၃ နာရီကျော်လောက်မှာ ပြန်လာရတယ် ” ဟု ဦးမောင်ကျော်ဝင်းကပြောသည်။

 

တပ်မတော်သားများမှ ကျေးရွာအတွင်း မိသားစုအစုံလင်ရှိမရှိနှင့် သားသမီးများ မည်သည့်နေရာသို့ သွားရောက်နေသည်ဆိုသည့် စစ်ဆေးမေးမြန်းမှုများရှိခဲ့ပြီး အသက် ၂၀ ကျော်အရွယ် လူငယ် ၁၂ ဦးတို့မှာ ယခုအချိန်ထိ စစ်ဆေးခံနေရကြောင်း ဦးမောင်ကျော်ဝင်းက ပြောသည်။

 

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကျေးရွာအတွင်းမှ ကျောင်းသားမိဘများမှာ ကြောက်လန့်ပြီး ကျောင်းသားများကို လာခေါ်ခဲ့ကြကြောင်း  ချောင်းတူကျေးရွာ ကျောင်းအုပ်ဆရာကြီးက ဆိုသည်။

 

တပ်မတော်မှစစ်ဆေးမှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက လိုအပ်၍ ရှာဖွေစစ်ဆေးခြင်းသာဖြစ်နိုင်ကြောင်း ပြောသည်။

 

“ လိုအပ်လို့ သတင်းအရ ရှာဖွေစစ်ဆေးမှုလုပ်တာဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ အဲဒီသတင်းကိုတော့ ကျွန်တော်မကြားမိသေးဘူး ” ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောသည်။

 

လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားမှုနေသည်မှာ ၈ လကျော်ကြာရှိလာပြီး တပ်မတော်မှ AA နှင့်ဆက်စပ်ပြီး အရပ်သားများကို စစ်ဆေးမှု။ ဖမ်းဆီးမှုများလည်းရှိသည်။

Author: ခိုင်ရိုးလ