(ဓာတ်ပုံ - အောင်ထိန်)
ခင်သရဖီဦး | DMG
ဇန်နဝါရီ ၆၊ စစ်တွေ
ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ သန့်ရှင်းလှပရေးဆောင်ရွက်ရာတွင် ပြည်သူများပူးပေါင်းပါဝင်မှု အားနည်းနေဆဲဟု သန့်ရှင်းရေးဆောင်ရွက်နေသူများက မှတ်ချက်ပြုသည်။
မြို့တော်၏အလှအပကိုဖော်ပြနေသော ရှုခင်းသာလမ်းတွင် ပလက်စတိတ်၊ စားကြွင်းစာကျန်၊ ပုလင်းခွံ စသည့်အမှိုက်များ ပြန့်ကြဲနေသည်ကို အရပ်ဖက်အဖွဲ့အစည်းများက မကြာခဏ သန့်ရှင်းရေးလုပ်နေသော်လည်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းမှာ ပပျောက်မှုမရှိသေးဟု စိမ်းပြာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းလှက ပြောသည်။
“အဓိကတော့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှု အားနည်းနေတယ်လို့ ယူဆတယ်။ ပြည်သူတွေက အမှိုက်ပုံးတွေရှိနေရဲ့လျက်နဲ့ အမှိုက်ပုံးမှာမထည့်ဘဲ ဖြစ်သလိုစွန့်ပစ်တာကို ကျန်ာတို့ တွေ့နေရဆဲဖြစ်တယ်” ဟု ဦးသန်းလှ က ပြောသည်။
စိမ်းပြာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီအဖွဲ့ နှင့် အခြားအဖွဲ့အစည်းများပူးပေါင်းပြီး ဇန်နဝါရီလ ၅ ရက်နေ့က ရှုခင်းသာလမ်းတွင် စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။
စိမ်းပြာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့သည် ၂၀၁၂ ခုနှစ်က စတင်ပြီး အမှိုက်များကိုကောက်ယူရှင်းလင်းခဲ့ရာ လက်ရှိတွင် လူ (၆၀)ရာခိုင်နှုန်းခန့်သာ စည်းကမ်းလိုက်နာသည်ကို တွေ့ရသည်ဟု အဖွဲ့ဥက္ကဋ္ဌ ဦးလှဝင်း က ပြောသည်။
“ရှုခင်းသာလမ်းတစ်လျောက် အပန်းဖြေဖို့လာတဲ့လူတွေကို ကျနော်တို့ကစည်းရုံးတယ်။ ဒီလိုနေရာတွေကို ရောက်လာလို့ရှိရင် ကိုယ်စားပြီးသား စွန့်ပစ်ရမယ့် အမှိုက်တွေကို အမှိုက်ပုံးထဲ ထည့်ပေးပါလို့။ ကျနော်တို့က အဲ့လိုမျိုးစည်းရုံးလို့ ၆၀ ရာခိုင်နှုန်းလောက် အောင်မြင်တာကိုတွေ့ရတယ်” ဦးလှဝင်းက ပြောသည်။
လူ (၄၀)ရာခိုင်နှုန်းကမူ စွန့်ပစ်အမှိုက်များကို စည်ပင်သာယာရေးအဖွဲ့က လုပ်ဆောင်ရမည့်တာဝန်ဟု ပြောဆိုသည်ကို တွေ့ရသည်ဟုလည်း ၎င်းကဆက်လက်ဆိုသည်။ လက်ရှိတွင် ရှုခင်းသာလမ်းမှာ အမှိုက်ပုံး (၆၀)ကျော် ချပေးထားပြီး မြို့တွင်းတွင်လည်း အမှိုက်ပုံးများ ချထားပေးမည်ဟု ယင်းအဖွဲ့ထံက သိရသည်။




