အောင်ထိန် | DMG
ဒီဇင်ဘာ ၁၅ ၊ မင်းပြား

တပ်မတော်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်မော်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်၏အလောင်းကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လယ် ၄ နာရီခန့်က  သလူချောင်းကျေးရွာ၏ အနောက်ဘက် မင်းဖူးတောင်အောက်တွင် တွေ့ရှိခဲ့သည်ဟု မိသားစုဝင်ထံမှ သိရသည်။

ကျောက်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင် ၃၂ နှစ်သည် ဒီဇင်ဘာလ ၁၁ ရက်နေ့က စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် ရောက်ရှိနေစဉ်  တပ်မတော်က  ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်လှသန်းနုက ပြောသည်။

“ကျွန်မယောက်ျားက စိတ္တရအုပ်ချုပ်ရေးမှူးဖုန်းဆက်ခေါ်လို့သွားတာ။ စစ်တပ်ကဝင်ပစ်တော့ စိတ္တရ အုပ်ချုပ်ရေးမှူးက သေသွားတယ်။ ကျမယောက်ျားမှာလည်း ဒဏ်ရာရသွားတယ်။ အဲဒီနောက်မှာ ကျွန်မ ယောက်ျားကို ကြိုးတွေနဲ့ချည်ပြီး တောထဲကိုဖမ်းခေါ်သွားတာ” ဟု ဒေါ်လှသန်းနုက DMG ကိုပြောသည်။

စိတ္တရကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းတစ်ခုမှ ဝင်ရောက်ပစ်ခတ်မှုကြောင့် စိတ္တရကျေးရွာမှ  အုပ်ချုပ်ရေးမှူး ဦးဥာဏ်သိန်းနှင့် ဒေါ်ဖြူဖြူဝင်းတို့ သေဆုံးသွားခဲ့ပြီး ကျောက်မော်ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံ ၉ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

စိတ္တရကျေးရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့ရာတွင်  တပ်မတော်  စစ်ကြောင်းတစ်ခုကို စိတ္တရကျေးရွာရှိ နေအိမ်တစ်လုံးပေါ်မှ AA က လက်နက်ငယ်များဖြင့်   စတင်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲပြီးနောက် ၎င်းနေအိမ်အတွင်း  ဖုံသာကျေးရွာမှ ဦးဥာဏ်သိန်းနှင့် ကျောက်မော်ကျေးရွာမှ  ဦးကျော်အေးမောင်တို့နှစ်ဦးအား လက်နက်ငယ်ကျည်ထိမှန် သေဆုံးလျက်တွေ့ရှိရကြောင်း  ထုတ်ပြန်ထားသည်။

ထို့ပြင် ဖြစ်စဉ်နေရာအနီးမှ မသင်္ကာဖွယ်စုဝေးရောက်ရှိနေသည့် မောင်မောင်သန်းအပါအဝင် အမျိုးသားခုနှစ်ဦး တို့ကိုဖမ်းဆီးကာ စစ်ဆေးရန်အတွက် မင်းပြားမြို့မရဲစခန်းကို လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်းလည်း တပ်မတော်က ထုတ်ပြန်ထားသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ ၉ ဦးအနက်မှ စိတ္တရကျေးရွာမှ ဦးကျော်နုမှာ အသက်အရွယ်ကြီးသူဖြစ်၍   ပြန်လွှတ်ပေးခဲ့ပြီး ကျောက်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်မှာ လည်ပင်းလှီးဖြတ်ဒဏ်ရာ၊ ဘယ်ဘက်လက်ဖြတ်ထားသည့် ဒဏ်ရာ၊  ခါးနှင့် ပေါင်တို့တွင် သေနတ်ဒဏ်ရာများနှင့် သေဆုံးနေသည့်အလောင်းကို ကျေးရွာသားများမှ  ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်းများက ပြောသည်။

“ကျွန်မယောက်ျားက သေသွားပြီ၊ ပြန်လျော်ပေးလို့လည်းမရတော့တဲ့အတွက်   စစ်တပ်က ဖမ်းသွားတဲ့ ကျန်တဲ့သူတွေကိုပဲ ပြန်လွှတ်ပေးဖို့တောင်းဆိုချင်တယ်။ ဒီကိစ္စတွေကို စစ်တပ်က  အကြီးအကဲတွေလည်း သိစေချင်တယ်” ဟု ဒေါ်လှသန်းနုက ပြောသည်။

သေဆုံးသူ ကျောက်တော်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ရုပ်အလောင်းကို မင်းပြားဆေးရုံသို့ပို့ဆောင်ခဲ့ပြီးနောက် ဒီ ဇင်ဘာလ ၁၅ ရက် နေ့လည်ပိုင်းတွင် သဂြိုလ်ခဲ့ကြောင်းသိရသည်။

Related Post : အုပ်ချုပ်ရေးမှူးနှင့်အမျိုးသမီးသေဆုံးမှု စုံစမ်းစစ်ဆေးပေးရန် လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြား

Author: Admin