ဇွန်လ ၂၅ ရက်နေ့က ရုံးထုတ်လာသော မောင်မျိုးဟိန်းဆွေအား တွေ့ရစဉ်။ ဓာတ်ပုံ - facebook

ခိုင်ရိုးလ/ DMG

ဇွန် ၂၆၊ ကျောက်တော်

မိုင်းဖောက်ခွဲမှု သံသယဖြင့် တပ်မတော်က ဖမ်းဆီးထားသည့် မြောက်ဦးမြို့နယ်၊ တင်းထိန်ကန်ကျေးရွာက လူငယ် (၂) ဦးမှာ စစ်ဆေးနေစဉ်ကာလအတွင်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားသဖြင့် ကျောက်တော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဖမ်းဆီးခံရသူ မျိုးဟိန်းဆွေ၏ အစ်ကို မင်းမျိုးဆွေက DMG ကိုပြောသည်။

အသက် ၁၉ နှစ်အရွယ် မျိုးဟိန်းဆွေ (ခေါ်) ညီထွေးနှင့် အသက် ၂၁ အရွယ် စောမောင်သန်းတို့သည် ဇွန်လ ၂၂ ရက်နေ့ကပင် တပ်မတော်၏ ဖမ်းဆီးစစ်ဆေးမှုကို ခံနေရသူများဖြစ်သည်။ စစ်ဆေးနေစဉ်ကာလတွင် ရိုက်နှက်မှုများရှိခဲ့သည်ဟု ၎င်းတို့က တရားရုံးတွင် ထွက်ဆိုခဲ့သဖြင့် “ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသူများ အဖြစ်” မြို့နယ်တရားသူကြီးက မှတ်ချက်ချခဲ့သည်။ ထို့ပြင် မြို့နယ်ဆရာဝန်ကြီးကလည်း ဆေးကုသရန် လိုအပ်သည်ဟု မှတ်ချက်ပေးခဲ့သဖြင့် ဇွန်လ ၂၅ ရက်နေ့ကပင် ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။

“ ကျွန်တော့်ကို ဖိနပ်တွေနဲ့ သတ်တယ်။ သစ်ပြားတွေ၊ တုတ်တွေနဲ့ ရိုက်တယ်” ဟု တရားရုံးတွင် စောမောင်သန်းက ထွက်ဆိုခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးအောင်ထွန်းမြက ပြောသည်။

၎င်းတို့နှစ်ဦးကို ဇွန်လ ၂၅ ရက်နေ့က ကျောက်တော်မြို့နယ်တရားရုံးတွင် ရမန်ယူခဲ့သည်။ ရမန်ယူရာတွင် လည်း ဒဏ်ရာများရှိသဖြင့် ၎င်းတို့နှစ်ဦး လမ်းမလျှောက်နိုင်သည့် အနေအထားရှိသည်ဟု ၎င်းက ဆက်လက်ဆိုသည်။

ဖမ်းဆီးခံနေရသူ မျိုးဟိန်းဆွေ၏ ဖခင်ဖြစ်သူ ဦးမောင်သိန်းလှကလည်း “မြင်သာတဲ့နေရာကတော့ မျက်နှာပဲ။ မျက်နှာက ဖူးရောင်နေတယ်။ မျက်စိတွေ နီရဲနေတယ်။ တခြား ပေါင်တွေမှာ သူတို့လမ်းလျှောက်လို့ သိပ်မရဘူး။ စောမောင်သန်းမှာလည်း မျက်စိနှစ်ဖက်လုံးမှာ ညိုမဲဒဏ်ရာတွေနဲ့။ ရမန်ယူတဲ့အခါ မင်းတို့မှာ ဒီဒဏ်ရာတွေ ဘယ်လိုရတာလဲလို့ တရားသူကြီးက မေးတယ်။ သေနတ်ဒင်တွေနဲ့ထုလို့ ဒဏ်ရာရတယ်လို့ ဖြေတယ်။ (ကျနော်က)တရားသူကြီး မေးလို့ ဖြေတာကို ကြားလိုက်ရတာ”ဟု ၎င်းကပြောသည်။

၎င်းတို့နှစ်ဦး စစ်ဆေးခံနေရစဉ် ရိုက်နှက်ခံမှုရှိခဲ့သည်ဟု မိသားစုဝင်များ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး တပ်မတော်၏ တုန့်ပြန်ချက်ကိုရရှိရန် တပ်မတော်ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ဗိုလ်မှူးချုပ် ထွန်းထွန်းညီနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးထံ DMG က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံ

ဇွန်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာအနီး ရန်ကုန်-စစ်တွေ ပြည်ထောင်စု ကားလမ်းမ ကြီးပေါ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်(AA)ဘက်က ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ မိုင်းဖောက်ခွဲခဲ့သည့် နေရာတစ်ဝိုက်အား စစ်ဆေးစဉ် မသင်္ကာဖွယ် ဆိုင်ကယ်စီးနှင်လာသူ ၂ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့ပြီး အဆိုပါ ၂ ဦးအား ဝေသာလီကျေးရွာအနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

သူတို့ ၂ ဦးအား စစ်ဆေးခဲ့ရာ မိုင်းဖောက်ခွဲခဲ့သူများ ဖြစ်ကြောင်းသိရှိရပြီး ဆိုင်ကယ်တူးဘောက်အတွင်း၌ ကျေးရွာများမှ ဆက်ကြေးကောက်ခံထားသော မှတ်တမ်းစာအုပ် ၁ အုပ်၊ AA နှင့် Video Call ပြောနေစဉ် ရိုက်ကူးသည့် Screen Shotsမှတ်တမ်းဓာတ်ပုံပါရှိသော ဖုန်း ၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ၎င်းတို့နှစ်ဦးသည် မိမိကျေးရွာမှ မြောက်ဦးမြို့သို့ ငွေထုတ်ရန်သွားစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ဆိုကြသည်။ မျိုးဟိန်းဆွေတို့ မိသားစုသည် ဆန်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်ပြီး AA နှင့် ပတ်သက်မှုမရှိကြောင်း၊ စောမောင်သန်းသည်လည်း ရွာတွင် လယ်ယာလုပ်ငန်းလုပ်ကိုင်ကာ မည်သည့် အဖွဲ့အစည်းနှင့်မျှ ပတ်သက်မှုမရှိဟု မျိုးဟိန်းဆွေ၏ အစ်ကို မင်းမျိုးဆွေက ပြောသည်။

မျိုးဟိန်းဆွေ၏ ဖခင် ဦးမောင်သိန်းလှက “ ကျွန်တော့်သားလေးတွေဟာ ဘာမှ အပြစ်မရှိကြောင်းကို မိဘ၊ မြောက်ဦး မြို့မစခန်းမှူး၊ လွှတ်တော်ကိုယ်စားလှယ်၊ စတဲ့သူတွေကလည်း ထောက်ခံထားပါတယ်။ အဲဒါကြောင့် အပြစ်လည်းမရှိတဲ့အတွက် ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ဆိုသည်။

 

 

Author: ခိုင်ရိုးလ