
မင်းထွန်း | DMG
နိုဝင်ဘာ ၁၂၊စစ်တွေ
၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို တရားမျှတမှုမရှိကြောင်း ပြောဆိုခြင်းမှာ လူအနည်းစု၏ စွပ်စွဲချက်သာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
တရားမျှတခြင်းမရှိဟု ပြောဆိုခြင်းမှာ အလှမ်းဝေးသည့် လူအနည်းစု၏ ခြေခြေမြစ်မြစ်မရှိဘဲ စွပ်စွဲခြင်းဖြစ်သည့် အတွက် ထည့်သွင်းစဉ်းစားစရာ မလိုကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေး သတင်းစာရှင်းလင်းပွဲတွင် ဦးမြင့်နိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
“တရားမျှတမှုမရှိဘူးဆိုတာ သူတို့ရဲ့ စွပ်စွဲချက်ပဲ၊ အနည်းစုလေးတွေရဲ့ စွပ်စွဲချက်ပဲ။ ဒီမိုကရေစီဆိုတာဟာ အများစုရဲ့ဆန္ဒကို အလေးပေးရတာပါ၊ အနည်းစုတွေက ရှိပြီးသားပါ။ တရားမမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ပေါ်လွင်မှုမရှိဘူး။ မျှမျှတတနဲ့ လွတ်လွတ်လပ်လပ်လုပ်ပေးတာ။ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီကြီးတွေကတောင် ထောက်ခံပြီးပြီ၊ ကြိုဆိုတယ် အသိမှတ်ပြုတယ်၊ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာတော့ ချို့ယွင်းချက်၊အားနည်း ချက်ရှိတယ်” ဟု ၎င်းကပြောသည်။
ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသဖြင့် တပ်မတော်နှင့်ပူးပေါင်းပြီး ပြန်လည်ကျင်းပပေးရန်နှင့် မဲရလဒ်များ မှာလည်း ယုံကြည်စရာမရှိကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တာဝန်ရှိသူများက ရန်ကုန်၌ ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် ပြောဆိုခဲ့သည်။
ယင်းအပြင် နေပြည်တော်တွင်ရှိသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် နိုဝင်ဘာလ ၁၁ ရက် နေ့တွင်ပင် တရားမျှတမှု မရှိသော ရွေးကောက်ပွဲကော်မရှင်အား (လုံးဝအယုံအကြည်မရှိ )၊ တရားမျှတသည့် ရွေးကောက်ပွဲကော်မရှင် အသစ်ဖွဲ့စည်းပေးရေး၊ မသမာသည့် မဲစာရင်းများ စိစစ်ဖော်ထုတ်ပေးရေး၊ မတရားမှု မှန်သမျှ ဆန့်ကျင်ကြ စသည့် ပိုစတာများကိုဆောင်ပြီး လူအင်အား ၅၀ ကျော်ဆန္ဒဖော်ထုတ်ခြင်းများ ဖြစ်ပွားခဲ့သည်။
ယင်းသို့ ဆန္ဒဖော်ထုတ်ခြင်းသည် ဒီမိုကရေစီသဘောတရားသာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။
ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကို ကြိုတင်မှန်းဆထားသည့်အတိုင်း အောင်မြင်ချောမွေ့စွာဖြင့် ကျင်းပနိုင်ခဲ့ ကြောင်းနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် အမြောက်အများ ဆန္ဒမဲလာရောက်ပေးသွားကြကြောင်း ဦးမြင့်နိုင်က ဆိုသည်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် မဲရလဒ်များကိုလည်း ချက်ချင်းမထုတ်ပြန်နိုင်ခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ၄၆ အရ ကြေငြာပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထပ်ဆင့်ကြေငြာပေးခြင်းဖြစ်သည်ဟု ဦးမြင့်နိုင်က ဆိုသည်။
“အဲဒီလိုကြေငြာတဲ့အခါကျတော့ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရရှိတဲ့ ဆန္ဒမဲတွေ၊ နောက်ပြီး လာရောက်ပေးတဲ့ မဲဆန္ဒရှင်တွေက ဘယ်လောက်၊ရရှိတဲ့ ဆန္ဒမဲက ဘယ်လောက်ရတယ်ဆိုတာ တွက်ချက်ပြီး ကြေငြာရမယ်။ အဲဒီစာရင်းစာရင်းတွေ တွက်ချရတဲ့အတွက် ချက်ချင်းကြေငြာခြင်း မပြုနိုင်ဘဲနဲ့ တွက်ချက်ပြီးရသမျှ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ကော်မရှင်အဖွဲ့ခွဲတွေက ကြေငြာတယ်။ သူတို့ ကြေငြာပြီးမှ (UEC) ထပ်ဆင့်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သိရှိအောင် ကြေငြာပေးပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်းများ၏ မဲရလဒ်များကို ၃၀ % ခန့် ထုတ်ပြန် ကြေငြာထားပြီဖြစ်ကြောင်းနှင့် ကျန်ရှိသည့် မဲရလဒ်များကို တစ်ပတ်အတွင်း ကြေငြာပေးသွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်က ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း မဲရလဒ်များကို ၁၀ ရက်ကြာ ကြေငြာပေးခဲ့သလို လက်ရှိ ရွေးကောက်ပွဲ မဲရလဒ်များကို အမြန်ဆုံးကြေငြာနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းပြောသည်။
မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၇ သန်း ၂ သိန်း ရှိသည့်အထဲတွင် ရွေးကောက်ပွဲ၌ မဲဆန္ဒရှင် ၇၀ % ကျော် ဆန္ဒမဲပေးခဲ့ကြကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်မှ သိရသည်။




