DMG | ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ယနေ့ (ဖေဖော်ဝါရီလ ၇ ရက်နေ့)တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးမောင်မောင်အုန်း အား ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

သမ္မတ(ငြိမ်း) ဦးသိန်းစိန်လက်ထက်က USDP ပါတီမှ အမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း ဦးလှမောင်တင်ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

သို့သော်လည်း ၂၀၁၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ဦးလှမောင်တင်သည် မိမိသဘော ဆန္ဒအလျှောက် တာဝန်မှ နှုတ်ထွက်သွားခဲ့ပြီးနောက် ဦးလှမောင်တင်နေရာတွင် ဗိုလ်ချုပ်အဆင့်ရှိသူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန် သမ္မတ(ငြိမ်း) ဦးသိန်းစိန်က ထပ်မံအဆိုပြုခဲ့သည်။

ယင်းနောက် ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ဦးမောင်မောင်အုန်းကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပြည်နယ်လွှတ်တော်ကအတည်ပြုခန့်အပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လအထိ တာဝန်ထမ်းဆောင်ခဲ့သည်။

Author: DMG