
(မောင်တောမြို့တွင် ဖွင့်လှစ်ထားသော UNHCR ရုံးအားတွေ့ရစဉ်။ အဆိုပါရုံးတွင် UNDP ရုံးသစ်ဖွင့်လှစ်သွားမည်။ ဓါတ်ပုံ - ချလူးအောင်၊ DMG)
ဇူလိုင်လ ၇ ရက်၊ ၂၀၁၈ ခုနှစ်/DMG ။ ။ လာမည့် ဇူလိုင်လ ၁၂ ရက်နေ့တွင် မောင်တောမြို့၌ဖွင့်လှစ်မည့် UNDP ရုံးသစ်ဖွင့်လှစ်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်းဘာဂီနာ တက်ရောက်မည်ဟု သိရသည်။
UNDP ၏ ရုံးသစ်ကို UNHCR ၏ ခြံဝန်းအတွင်းမှာ ဖွင့်လှစ်သွားမည်ဟု UNDP ၏ ဌာနေညွှန်ကြားရေးမှူး ပီတာ ဘက်ချလာက ပြောသည်။
“ UNDP အနေနဲ့ UNHCR ရဲ့ ခြံဝန်းမှာ ပူးပေါင်းလုပ်ဆောင်ဖို့ စီစဉ်နေတယ်။ ဒီအပတ်မှာ ဝန်ထမ်းတွေ လာကြမယ်။ သူတို့ရောက်လာတာနဲ့ ဒေသဆိုင်ရာ အကူအညီတွေကို ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ” ဟု ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စခရစ်စတင်းဘာဂီနာသည် မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ် မောင်တောသို့ လာရောက်ကာ ဒေသခံတိုင်းရင်းသားများ၊ ဘင်္ဂါလီများဖြင့် တွေ့ဆုံကာ ဒုက္ခသည်ပြန်လည်လက်ခံရေး စခန်းသို့ သွားရောက်ဖွယ်ရှိသည်။
မစ္စခရစ်စတင်းဘာဂီနာသည် ဧပြီလ ၂၆ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရပြီး ဇွန်လ ၁၈ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ခဲ့ကာ ဒေသခံတိုင်းရင်းသားများနှင့် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ပန်းတောပြင်ဘင်္ဂါလီရှိ လူနေအိမ်များ ပြန်လည်တည်ဆောက်လုပ်ငန်းများကို ကြည့်ရှုခဲ့သည်။
United Nations Development Programme (UNDP) သည် မောင်တောမြို့သို့ ၁၉၉၆-၉၇ ခုနှစ်က စတင်ရောက်ရှိလာပြီး နှစ်ဖက်အသိုင်းအဝိုင်းကို အကူအညီပေးသည့်အခါ မျှတမှုမရှိသည့်အတွက် ၂၀၁၂ ခုနှစ် ပဋိပက္ခအပြီး ၂၀၁၃ ခုနှစ်တွင် ရခိုင်ပြည်နယ်မှ ထွက်ခွာသွားခဲ့ရသည်။




