
သက်ပိုင် | DMG
နိုဝင်ဘာ ၄ ၊ မြောက်ဦး
ရခိုင်ပြည်နယ်အတွင်း ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုဖြစ်သော မြောက်ဦးယဉ်ကျေးမှုနယ်မြေမှာ COVID -19ကြောင့် ယူနက်စ်စကို (ကုလသမဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့- UNECSO)၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတွင် ဝင်ရောက်ရေးအတွက် နှောင့်နှေးမှုများ ရှိနေကြောင်း အဆိုပါ အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ဆိုသည်။
မြောက်ဦးဒေသကို ယူနက်စ်စကို စာရင်းတွင် ဝင်ရောက်နိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က စတင်ဆောင်ရွက် ခဲ့ရာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်း အပြီးသတ်အဆိုပြုလွှာကို တင်သွင်းနိုင်ခဲ့သည်။ အဆိုပြုလွှာတွင် ပါဝင်သော တင်းသွင်းချက် စာတမ်းများနှင့် ကိုက်ညီမှုရှိ/မရှိ ယူနက်စ်ကို အဖွဲ့မှ ယခုနှစ် စက်တင်ဘာလအတွင်းက လာရောက် စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်သော်လည်း COVID -19 ကပ်ရောဂါကြောင့် ခရီးသွားလာမှုများ ရပ်ဆိုင်းခဲ့ပြီး အဆိုပါ စစ်ဆေးရေးအဖွဲ့ လာရောက်နိုင်ခြင်းမရှိခဲ့ကြောင်း ဒေါ်ဥမ္မာမျိုးကဆိုသည်။
“အခုလိုစစ်ဆေးတာတွေမလုပ်နိုင်ရင်တော့ မြောက်ဦးကို Unescoစာရင်းဝင်ဖို့ဆိုတာ ဒီနှစ်အတွက်တော့ နှောင့်နှေးသွားမှာပေါ့နော်။ဒီနှစ်အတွက်တော့ သူတို့လာစစ်ဆေးနိုင်အုံးမှာ မဟုတ်လောက်ဘူး။ဘာပဲပြောပြော တင်ပြထားတာနဲ့မြေပြင်အခြေနေ ကိုက်ညီမှု ရှိ/မရှိဆိုတာကို စစ်ဆေးရအုံးမှာပဲလေ။ ပြီးမှ ပြန်တင်ပြရမှာလေ”ဟု ဒေါ်ဥမ္မာမျိုးကရှင်းပြသည်။
လက်ရှိတွင် မြေပြင်အခြေနေအရ မြောက်ဦးသို့ သွားရောက်နိုင်ခြင်းမရှိသည့်အတွက် တင်သွင်းထားသည့် စာတမ်းအပေါ် ပြန်လည်စီစစ်မှုများ၊ ဖြည့်ဆွက်သင့်သည်များကို အဖွဲ့များခွဲကာ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသဦးစီးဌာန ညွှန်ကြားရေးမှူး (မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းလင်း ကဆိုသည်။
“လက်ရှိမှာဒါနဲ့ပတ်သက်လို့ Online အစည်းဝေးတွေလုပ်တယ်။ငါးကြိမ်လောက်ရှိပြီ။ဆွဲထားတဲ့ အပေါ်မှာ ပြည့်စုံသထက်ပြည့်စုံအောင်၊လာတဲ့အချိန်မှာအပြည့်စုံပေးနိုင်အောင် ပေးနိုင်ဖို့ကြိုးစားနေပါတယ်။ပြင်ဆင်တဲ့ အပေါ်မှာလည်းလိုအပ်တာလေးတွေ Updateဖြစ်အောင် ထပ်ပြီးဆောင်ရွက်ထားပါတယ် ”ဟု ၄င်းက ပြောသည်။
လက်ရှိတွင်ဖြစ်ပွားနေသော COVID-19ကပ်ရောဂါကြောင့် ရှေးဟောင်းသုတေသဦးစီးဌာန ညွှန်ကြားရေးမှူး (မြောက်ဦးဌာနခွဲ)မှ ဝန်ထမ်းများအနေဖြင့် နှစ်ပတ်နား နှစ်ပတ်တက်စနစ်ဖြင့် ရုံးတက်နေကြရပြီး အခါအားလျှော်စွာ မြို့ပေါ်တွင်သာ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်နေကြရကြောင်း ရှေးဟောင်းသုတေသဦးစီးဌာန ညွှန်ကြားရေးမှူး (မြောက်ဦးဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇံက ဆိုသည်။
“ကိုဗစ်ရယ်၊နယ်မြေလုံခြုံရေးအခြေနေတွေကြောင့်ရယ်၊ကျွန်တော်တို့အနေနဲ့ အသိပညာပေးဆိုင်းပုဒ်တွေ၊ သတိပေးတားမြစ်ချက်ဆိုင်းပုဒ်တွေကို မြို့ပေါ်လောက်ပဲကပ်နေရတယ်။မြို့ပြင်တော့ သွားလို့ အဆင်မပြေပါဘူး”ဟု ၄င်းကရှင်းပြသည်။ နှစ်ပေါင်း ၅၀၀ ကျော်သက်တမ်းရှိ ရခိုင်ပြည်နယ်အတွင်းက မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ ယဉ်ကျေးမှုနဲ့ သိပ္ပံအဖွဲ့ (UNESCO)စာရင်း ဝင်ရောက်နိုင်ရေးအတွက် အဆိုပါဒေသအတွင်း ငြိမ်းချမ်းမှုရရှိရန် အထူးလိုအပ်နေကြောင်းကိုလည်း ပညာရှင်များက ထောက်ပြပြောဆိုမှုများ ရှိနေသည်။
မြောက်ဦးဒေသအတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တပ်မတော်မှ ယာယီတပ်စခန်းအချို့ကို မြောက်ဦးရှိ ဘုရားပုထိုးများအတွင်း နေရာ ချထားမှုများရှိကြောင်း ဒေသခံများ ထံမှသိရသည်။




