Photo-UNHCR

မြတ်ဆွေ | DMG
ဒီဇင်ဘာ ၁၂ ၊ ကျောက်တော်

ဆောင်းရာသီအတွင်း စစ်ဘေးသင့်ဒုက္ခသည်များ နွေးထွေးစွာနေထိုင်နိုင်စေရန်အတွက် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် စောင်အထည် ၃ ထောင်ခန့်ကို ကုလသမဂ္ဂက ထောက်ပံ့ထားကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းစောင်များကို ယခုဒီဇင်ဘာလ ပထမအပတ်အတွင်း ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၁၅ ခုတွင် ဖြန့်ဝေလိုက်ကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)က သတင်းထုတ်ပြန်ထားသည်။

UNHCR က ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်စခန်း ၁၅ ခုကို စောင်များလာရောက်ပေးဆောင်ခဲ့ပြီး စခန်း တစ်ခုရှိ အိမ်ထောင်စုတစ်စုကို စောင် ၂ ထည်စီ ဖြန့်ဝေပေးခဲ့သည်ဟု စစ်ရှောင်စခန်းတာဝန်ခံများထံမှ သိရသည်။

“အခုက တကယ်လိုအပ်လာလို့ စောင်တွေပေးလာတဲ့အပေါ် တကယ့်ကိုဝမ်းသာပါတယ်။ နောက်ပြီးတော့ တခြားလိုအပ်ချက်အပိုင်းအနေနဲ့ ဆောင်းရာသီမှာကျတော့ အိပ်တဲ့အချိန်ကျမှ စောင်ခြုံအိပ်ရတာဖြစ်တယ်။ မနက်ခင်းနဲ့ ညနေဖက် မအိပ်ခင်အတောအတွင်း သွားသွားလာလာအနေနဲ့ အင်္ကျီအနွေးအထည်တွေလည်း လိုအပ်တယ်” ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စုတစ်ထောင်ကျော်ရှိပြီး လူဦးရေ ၄ ထောင်ကျော်ရှိကာ ကလေးများနှင့် လူကြီးများအတွက် အင်္ကျီအနွေးအထည်များ လိုအပ်လျှက်ရှိနေသည်ဟု ကိုခိုင်မျိုးအောင်က ဆက်ပြောသည်။

“တချို့ကလေးတွေနဲ့ လူကြီးတွေမှာ မိုးလင်းရင်စောင်ခြုံလို့သွားနေရတာက မသင့်တော်ဘူးလေ။ သူ့တို့တွေမှာ စစ်ဘေးရှောင်စခန်းမှာကျတော့ စားဖို့သောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေတယ်။ အနွေးထည်လည်းမဝယ်နိုင် ဘူးလေ။ ဒါကြောင့် အင်္ကျီအနွေးအထည်တွေကို ပံ့ပိုးမှုတွေလုပ်စေချင်တယ်” ဟု ၎င်းကပြောသည်။

အိမ်ထောင်တစ်စုတွင် လူအများအပြားရှိလျှင် စောင် ၄ ထည်ခန့်လောက်ပေးခဲ့ခြင်းများရှိကာ စောင်လုံလောက်မှုအပိုင်းတွင် ပြေလည်သွားပြီး စခန်းတွင်အိပ်ချိန်၌ သမံတလင်းပေါ်တွင်အိပ်ရခြင်းများရှိသဖြင့် နောက်ထပ်ဖျာအခင်းများလိုအပ်သည်ဟုလည်း သာသနာ့ဗိမာန်စစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးထွန်းအေးကျော်က ပြောသည်။

“အခုက စောင်တွေရရှိသွားပြီဆိုတော့ အခက်အခဲတစ်ခုတော့ အဆင်ပြေသွားပြီ။ ကျနော်တို့က သမံတလင်းပေါ်မှာ အိပ်နေရတယ်ဆိုတော့ သမံတလင်းအအေးဒဏ်ကလွတ်အောင် ဖျာအခင်းတွေ လိုအပ်နေတယ်” ဟု ဦးထွန်းအေးကျော်ကပြောသည်။

Photo-UNHCR

သာသနာ့ဗိမာန်စစ်ဘေးစခန်းတွင် အိမ်ထောင်စု ၃၅ စုရှိကာ လူဦးရေမှာတစ်ရာကျော်ရှိပြီး အဆိုပါစခန်းတွင် မျောက်တောင်၊ မာလာ၊ သာစည်၊ ဒေါက်ဖြူနှင့် ဝက်မကျကျေးရွာတို့မှ လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကျောက်တော်မြို့နယ်၌ စစ်ဘေးရှောင်စခန်း ၂၃ ခုရှိကာ အဆိုပါစခန်းများ၏ လူဦးရေမှာ ၁၆၈၄၂ ယောက်ရှိပြီး စောင်များမရရှိသေးသည့် စစ်ဘေးရှောင်စခန်းများလည်း ရှိနေသေးသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ ၂ နှစ်တာတိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေမှာ နိုဝင်ဘာလ ၂ ရက်နေ့အထိ ၂ သိန်း ၃ သောင်း ၆ ထောင်ကျော် ရှိခဲ့သည်။

သို့သော် နယ်မြေတည်ငြိမ်နေမှုကြောင့် နေရပ်ပြန်ကြသူများရှိသဖြင့် လက်ရှိ ဒီဇင်ဘာလ ၃ ရက်နေ့အထိ စစ်ဘေးရှောင်ဦးရေ ၁ သိန်း ၉ သောင်းသော်ကျော်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ စာရင်းအရ သိရသည်။

Author: Admin