မင်းထွန်း | DMG
သြဂုတ် ၂၈ ၊ စစ်တွေ

ကူးစက်မြန်သည့် COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်အချိန်တွင် ရခိုင်ပြည်နယ်မှ IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများမှ ဒုက္ခသည်များအတွက် စိုးရိမ်မှုများရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ပြောသည်။

ယနေ့ သြဂုတ်လ ၂၈ ရက်နေ့တွင်ပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေးနှင့်ပတ်သတ်ပြီး အွန်းလိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“IDP စခန်းတွေ၊ နောက်တိုက်ပွဲရှောင်စခန်းတွေမှာ လူတွေက ပြွတ်သိပ်ပြီးတော့ ကြန့်ကြာနေတဲ့အတွက် ဒီရောဂါကလည်း နောက်ဆုံးအခြေအနေအရ အင်မတန်မှကူးစက်မြန်တယ်လို့ သတ်မှတ်တဲ့အတွက် ဒီအပေါ် မှာလည်း စိုးရိမ်မှုတွေရှိပါတယ်” ဟု သူကပြောသည်။

အဆိုပါ အွန်လိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့် ရန်ကုန် တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ စစ်တွေမြို့သို့ရောက်ရှိနေသည့် Volunteer တစ်ဦးတို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများ၊ COVID-19 ကပ်ရောဂါဖြစ်ပွားမှုများ စသည့် အခက် အခဲများကို စိန်ခေါ်မှုအနေဖြင့်ခံယူပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ပြောသည်။

“အခုချိန်မှာ စည်းလုံးညီညွတ်မှုက အရေးကြီးဆုံးပါပဲ။ ဒီကိုဗစ်ရောဂါဟာ စိန်ခေါ်မှုဆိုပေမယ့် တစ်ဖက်က ကျနော် တို့အတွက် အခွင့်အလမ်းတွေနဲ့ ဒါကို ပိုင်ပိုင်နိုင်နိုင်အသုံးချပြီးတော့ စည်းလုံးညီညွတ်မှု ရသွားမယ်ဆိုလို့ရှိရင် အနာဂတ်အတွက် ရခိုင်ပြည်နယ်ဟာ ကောင်းတဲ့အလားအလာကောင်းတွေ ရနိုင်မယ်လို့ထင်ပါတယ်။ ဒါကြောင့် စည်းလုံးညီညွတ်မှုကိုတော့ အားလုံးကနေပြီး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွတ်ပေးဖို့ကိုလည်း ထပ်ပြီးတော့ မေတ္တာ ရပ်ခံချင်ပါတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့မှ ၂၈ ရက်နေ့ နံနက်ပိုင်းအချိန်ထိ ကိုဗစ်ပိုးတွေ့လူနာ ၂၁၆ ဦးအထိ ရှိလာပြီး ယင်းအထဲတွင် စစ်တွေမြို့၌ ကိုဗစ်ပိုးတွေ့လူနာ ၁၃၆ ဦးဖြင့် အများဆုံးဖြစ်နေသည်။

လက်ရှိမှာ အင်တာနက်လိုင်းအဆင်မပြေသဖြင့် COVID-19 သတင်းအချက်အလက်များကို မသိရှိရကြောင်း ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်များက ပြောဆိုကြသည်။

Author: Admin