ခိုင်ရိုးလ/ DMG
ဇွန် ၂၅၊ မြောက်ဦး
ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်ဟု ယူဆပြီး တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် ကာလအတွင်းတွင် သေဆုံးသွားသူအား ယနေ့ ဇွန်လ ၂၅ ရက်နေ့၊ ညနေပိုင်းတွင် မြောက်ဦးသုဿာန်၌ ဂူသွင်းသင်္ဂြိုလ်လိုက်သည်။
AA ဟု ယူဆကာ ပေါက်တောပြင်ကျေးရွာက ဒေသခံ (၄)ဦးအပါအဝင် လူ (၈)ဦးကို ဇွန်လ ၂၀ ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာအနီးတွင် တပ်မတော်က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ထို့နောက် စစ်ဆေး နေစဉ်ကာလတွင် ပေါက်တောပြင်ကျေးရွာက ဦးမောင်ပု၏သား ကိုနေမျိုးထွန်းဆိုသူ သေဆုံးသွားခြင်းဖြစ် သည်။
“ သူ့ကို ဂူသွင်းသင်္ဂြိုလ်တာပါ။ မြောက်ဦး မင်းသားကျွန်းသုဿန်မှာ သင်္ဂြိုလ်တာပါ။ လိုက်ပို့သူ ၃၀၀ လောက်ရှိပါတယ်။ ANP ပါတီကလည်း ရောက်တယ်မြင်ပါတယ် ” ဟု ရတနာပါ နာရေးကူညီမှုအသင်းမှ စာရေးကြီး ဦးသန်းထွန်းက ပြောသည်။
သေဆုံးသူ နေမျိုးထွန်း၏ ရုပ်အလောင်းကို ဇွန်လ ၂၄ ရက်နေ့က ကျောက်တော်ဆေးရုံသို့ တပ်မတော်က ပို့ဆောင်ခဲ့သည်ဟု ကျောက်တော်ရဲစခန်းက တာဝန်ရှိသူများ၏ ပြောပြချက်ကိုကိုးကား၍ ကျောက်တော်မြို့နယ် က လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုကျော်လှမြင့်က ပြောသည်။
“ (အလောင်းကို) တပ်ကပို့လာတယ်လို့ ရဲစခန်းက ပြောပြချက်အရ သိရတယ်” ဟု ၎င်းက ဆိုသည်။
ကိုနေမျိုးထွန်းသည် လက်သမားတစ်ဦးဖြစ်ပြီး ပေါက်တောပြင်ကျေးရွာရှိ မိသားစုများထံတွင် နေထိုင်နေသည် မှာ ၅ လခန့်ရှိနေပြီဖြစ်ကာ ဝေသာလီကျေးရွာတွင် ဆင်းတုတော်တစ်ဆူ ထုလုပ်နေခြင်းဖြစ်သည်။
“ သေဆုံးသွာတဲ့သူက ဒီပေါက်တောပြင်ကျေးရွာမှာ နေတာ ၄၊ ၅ လောက်ရှိပြီ။ ဝေသာလီရွာ ဘုရားမှာ လက်သမားလုပ်နေပြီး ရွာကို ထမင်းစားဖို့လာတဲ့အခါ လမ်းမှာ စစ်တပ်နဲ့တွေ့တော့ ဖမ်းဆီးခံရတာ ” ဟု ပေါက်တောပြင် ကျေးရွာသားတစ်ဦးက ပြောသည်။
နေမျိုးထွန်းသေဆုံးခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်ကို သိရှိရန်အတွက် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ များဖြစ်သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦး၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ် ထွန်းထွန်းညီတို့ကို DMG က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။
မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဇွန် ၂၀ ရက် နေ့လည်ပိုင်းတွင် မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာအနီးတစ်ဝိုက်၌ AA ဟု ယူဆရသည့် မကျားဆည်ကျေးရွာသား ၁ ဦး၊ ပေါက်တောပြင် ကျေးရွာသား ၄ ဦး၊ ဗူးရွက်မညိုး ကျေးရွာသား ၁ ဦး၊ အုတ်ဖိုကန်ကျေးရွာသား ၁ ဦးနှင့် ဒုံးသိမ်ကျေးရွာသား ၁ ဦး၊ စုစုပေါင်း မသင်္ကာဖွယ်အမျိုးသား ၈ ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် လိုအပ်သည့် စစ်ဆေးမေးမြန်း မှုများ ဆောင်ရွက်နိုင်ရေးအတွက် ကျောက်တော်မြို့၊ မြို့မရဲစခန်းသို့ ပို့ဆောင်လျက်ရှိသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။




