ရခိုင်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်က သံသယထားလာမှုကြောင့် အုပ်ချုပ်ရေးမှူးဆက်လုပ်ရန် စိုးရိမ်လာကြ

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာမှုရှိလာသည့်နေရာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများကို မြန်မာစစ်တပ်က သံသယထားကာ ဖမ်းဆီးမှုများရှိလာသဖြင့် အခြားကျေးရွာအုပ်ချုပ်ရေးမှူးများမှာလည်း စိုးရိမ်မှုရှိလာကြသည်။

13 Sep 2022

DMG ၊ စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာမှုရှိလာသည့်နေရာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများကို မြန်မာစစ်တပ်က သံသယထားကာ ဖမ်းဆီးမှုများရှိလာသဖြင့် အခြားကျေးရွာအုပ်ချုပ်ရေးမှူးများမှာလည်း စိုးရိမ်မှုရှိလာကြသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၃ ရက်နေ့က ဘူးသီးတောင်အခြေစိုက် တပ်ရင်း(၂၃၄)စစ်ဗျူဟာမှ အစည်းအဝေးခေါ်၍သွားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁၂ ဦးထဲမှ မီးကျောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာမီဟူဆောင်းနှင့် တပ်မင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှတို့ကို ဖမ်းဆီးလိုက်သည်။

ယင်းကိစ္စကြောင့် အခြားကျေးရွာအုပ်ချုပ်ရေးမှူးများမှာလည်း အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသည်ဟု ဘူးသီးတောင်မြို့နယ်မှ အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်မှူးတစ်ဦးက DMG သို့ပြောသည်။

“အုပ်ချုပ်ရေးမှူးနှစ်ယောက် အဖမ်းခံရတယ်ဆိုတော့ ကျန်အုပ်ချုပ်ရေးမှူးတွေလည်း စိုးရိမ်မှုရှိတာပေါ့။ ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေဆိုတာက သူတို့အစည်းအဝေးခေါ်ရင် သွားရတယ်။ အုပ်ချုပ်ရေးမှူးသာလုပ်နေရတာ တစ်ခုခုဖြစ်ရင် ကျနော်တို့ဘက်က တာဝန်ယူမယ့်လူမရှိဘူး”ဟု ၎င်းကဆိုသည်။

လက်ရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် စစ်ရေးတင်းမာနေမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးလုပ်ငန်းများတွင် အကျပ်အတည်းရှိလာနေသဖြင့် ဆက်လက်တာဝန်ထမ်းဆောင်ရန် မလွယ်ကူကြောင်းလည်း ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောဆိုကြသည်။

နောက်ထပ် အမည်မဖော်လိုသည့်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက “အခုလောလောဆယ်တော့ နှုတ်ထွက်စာတင်ဖို့ အစီအစဉ်တော့မရှိသေးဘူး။ ဒါပေမယ့် ဒီလိုဖမ်းဆီးမှုတွေများလာရင်တော့ ကျနော်တို့လည်း နှုတ်ထွက်စာတင်ဖို့ စဉ်းစားရမယ်။ အုပ်ချုပ်ရေးမှူးတွေက နှစ်ဘက်စလုံးမှာ ကြားညှပ်နေရတယ်။ အကျပ်အတည်းတွေ အများကြီးရှိပါတယ်”ဟု ၎င်းကဆိုသည်။

ကျေးရွာအုပ်ချပ်ရေးမှူးများမှာ ဒေသဖွံ့ဖြိုးရေး၊ ကျေးရွာသာယာရေးကို အဓိကလုပ်ကိုင်နေကြသူများဖြစ်သဖြင့် သံသယဖြင့်ဖမ်းဆီးခြင်းမှာ မဖြစ်သင့်ဟုလည်း ပြောဆိုကြသည်။

လက်ရှိဖမ်းဆီးခံထားရသည့် မီးကျောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တပ်မင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့မှာ မိသားစုနှင့်လည်း အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

စက်တင်ဘာလ ၃ ရက်နေ့က အစည်းအဝေးတက်ရောက်ခဲ့သည့် ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက “အခုအဖမ်းခံထားရတဲ့ အုပ်ချုပ်ရေးမှူးတွေမှာလည်း ဘာမှအပြစ်မရှိဘူးလို့ ကျနော်တို့မြင်တယ်။ တစ်ခုခုဖြစ်လာရင် ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထားပြီး အပြစ်မရှိအပြစ်ရှာ သံသယဝင်နေမယ်ဆိုရင်တော့ ကျနော်တို့လည်း တခြားအုပ်ချုပ်ရေးမှူးတွေနဲ့ တိုင်ပင်ပြီးတော့ နှုတ်ထွက်စာတင်သွားဖို့ရှိတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိသေးပေ။

ကျေးရွာအုပ်ချုပ်ရေးမှူးများကို မြန်မာစစ်တပ်က ဖမ်းဆီးနေခြင်းမှာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားပျက်စီးနေသည်ကို ပြသရာရောက်ကြောင်းလည်း ဘူးသီးတောင်အမတ်ဟောင်း ဦးအောင်သောင်းရွှေက မှတ်ချက်ပြုသည်။

“အဲဒီလိုအုပ်ချုပ်ရေမှူးတွေကို ဖမ်းနေတာကိုက သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေက ပျက်စီးဖို့လိုက်နေပြီ။ စစ်ကောင်စီက သူတို့ခန့်ထားတဲ့အုပ်ချုပ်ရေးမှူးတွေကို မယုံကြည်ဖြစ်နေတယ်။ အရင်တုန်းကလည်း အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်တာရှိတယ်။ အခုလည်း ဒီလိုဖမ်းဆီးမှုတွေရှိလာတယ်ဆိုတော့ နှုတ်ထွက်မှုတွေရှိလာနိုင်တယ်”ဟု ဦးအောင်သောင်းရွှေက သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း သာယာကုန်း(တောင်ပြို)ကျေးရွာမှ ကျေးရွာတာဝန်ခံနှင့် သင်္ဘောလှကျေးရွာအုပ်ချုပ်ရေးမှူးတို့မှာ တောင်ပြိုဗျုဟာကုန်း နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၂)သို့ အစည်းအဝေးသွားတက်ရာတွင် ဖမ်းဆီးခံလိုက်ရသည်။

ယင်းသို့ဖမ်းဆီးမှုကြောင့် မောင်တောမြို့နယ် မင်းခမောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်နှင့် တမန်းသားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်တို့မှာ သြဂုတ်လ ၂ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် နှုတ်ထွက်စာတင်ခဲ့ကြသည်။

ရခိုင်တွင် ယခင်တိုက်ပွဲကာလအတွင်းကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးများကို မြန်မာစစ်တပ်က ဖမ်းဆီးတရားစွဲဆိုမှုများ ရှိခဲ့သဖြင့် အခြားကျေးရွာအုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် နှုတ်ထွက်စာတင်ခဲ့သည့်ဖြစ်ရပ်များ ရှိခဲ့သည်။

ဗီဒီယိုများ