ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၄ ရက်နေ့က ပြည်နယ်အစိုးရရုံးတွင် ပြုလုပ်ခဲ့စဉ်။ ဓာတ်ပုံ - သက်နိုင်/DMG

ကျော်သူဌေး|DMG

ဇူလိုင်၂၄၊ စစ်တွေ

ရခိုင်ပြည်နယ်မှ ကချင်ပြည်နယ်၊ ဖားကန့်ဒေသသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများ ၂၀၂၀ ရွေးကောက်ပွဲ တွင် မဲပေးခွင့်ရရှိရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ရခိုင့်ဦးဆောင်ပါတီ (AFP) က တင်ပြ လိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့က ပြည်နယ်အစိုးရရုံးတွင် ပြုလုပ်ခဲ့စဉ် ထိုသို့တင်ပြလိုက်ခြင်းဖြစ်သည်။

ဖားကန့်ဒေသတွင် ရခိုင်လူမျိုး တစ်သိန်းခန့် အလုပ်လုပ်ကိုင်နေသော်လည်း အိမ်ထောင်စုစာရင်းများဖြင့် နေထိုင်သူများမဟုတ်သောကြောင့် မဲပေးခွင့်မရ၍ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေ၍ ကော်မရှင်အနေဖြင့် မည်သို့ ဆောင်ရွက်ပေးမည့် အခြေအနေကို ရခိုင့်ဦးဆောင်ပါတီ ဒု-ဥက္ကဌ ဦးကျော်လွင်က တင်ပြခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံသားမှန်ရင် မဲပေးခွင့်ရသင့်တယ်ဆိုရင် အဲဒီလိုလူမျိုးတွေကျတော့ ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုလုပ်ဖို့ ဆုံးဖြတ်ထားတာလဲလို့ သိချင်ပါတယ်”ဟု ဦးကျော်လွင်က ဆိုသည်။

ရွှေ့ပြောင်း လုပ်သားတစ်ဦးသည် သက်ဆိုင်ရာ နယ်မြေတွင် ရက်ပေါင်း ၁၈၀ ဆက်တိုက် နေထိုင်လျှင် မဲပေးခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးဝင်းက ပြန်လည်ပြောကြားခဲ့ သည်။

“လက်ရှိ ကျွန်တော်ပြောတဲ့အထိမှာတော့ ရက်ပေါင်း ၁၈၀ ပေါ့။ နောက်ပိုင်းမှာတော့ ဥပဒေကို ပြင်ပြီးရင် ရက်ပေါင်း ၉၀ လည်း ဖြစ်ရင်ဖြစ်သွားမှာပေါ့”ဟု ဦးအောင်စိုးဝင်းက ပြောသည်။

ကချင်ပြည်နယ်တွင် ရခိုင်ရွှေ့ပြောင်းအလုပ်သမားစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေ ဖြင့် တိတိကျကျ ကောက်ယူစေချင်ကြောင်း၊ ဖားကန့်တွင် နေထိုင်သည့် ရခိုင်လူမျိုးများ၏ လုံခြုံရေး၊ အခွင့်အရေးအရ တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး ရှိစေချင်ကြောင်းလည်း ဦးကျော်လွင်က ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့် ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စီစဉ်ထားသည်။

 

Author: Admin