ကျော်သူဌေး / DMG
ဇွန်လ ၂၅ ၊ စစ်တွေ
ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သည်ကျေးရွာအနီးတွင် ယနေ့ ဇွန်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဆင်သည်ကျေးရွာက ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ချစ်လှိုင်က DMG ကိုပြောသည်။
ဆင်သည်ကျေးရွာတွင် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး ယခုတိုက်ပွဲဖြစ်ပွားနေသောကြောင့် ရွာသားအများစုမှာ လက်နက်ကြီးကျည်ဆန်များ ထိမှန်မည်ကို စိုးရိမ်၍ ပိုးရွှီပြင်၊ ပေါက်တောပြင် စသည့် ကျေးရွာများသို့ စက်လှေများဖြင့် ထွက်ပြေးနေကြရသည်။
“ရွာကလူတွေ ကြောက်ပြီးတော့ ထွက်ပြေးနေကြတယ်။ တချို့  ရွာကလူတွေ ထွက်ပြေးသွားကြပြီ ။ ကျွန်တော်ကတော့ ရွာလုံခြုံရေးအတွက် စိုးရိမ်ပြီးတော့ စောင့်ကြည့်နေရသေးတယ်” ဟု ဦးမောင်ချစ်လှိုင်က ပြောသည်။
အဆိုပါ ကျေးရွာအနီးတွင် ယခင်ကလည်း တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။ ရခိုင်ပြည်နယ်အတွင်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလက စတင်ပြီး တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကာ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၄ သောင်းကျော်အထိ ရှိလာပြီဖြစ်သည်။




