- ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
ရဲတပ်ဖွဲ့ဝင်များ ရဲအလုပ်ကိုသာလုပ်ဆောင်ကြရန် AA ထပ်မံသတိပေး
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားလုပ်ပြီး ရခိုင်ပြည်သူလူထုကို ထပ်မံဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ စိုးရိမ်ထိတ်လန့်မှုပေးခြင်း၊ ရခိုင်အမျိုးသားလှုပ်ရှားမှုများကို အနှောင့်အယှက်ပေးခြင်း၊ ပြည်သူလူထုကို စိုးရိမ်ကြောင့်ကြစေခြင်းများကို မပြုလုပ်ရန် ထပ်မံအသိပေးကြောင်း ရက္ခိုင့်တပ်တော်(AA)မှ သြဂုတ်လ ၁၂ ရက်နေ့ရက်စွဲဖြင့် အသိပေးစာတစ်စောင် ထုတ်ပြန်လိုက်သည်။
13 Aug 2019

သြဂုတ် ၁၃ ၊ စစ်တွေ
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားလုပ်ပြီး ရခိုင်ပြည်သူလူထုကို ထပ်မံဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ စိုးရိမ်ထိတ်လန့်မှုပေးခြင်း၊ ရခိုင်အမျိုးသားလှုပ်ရှားမှုများကို အနှောင့်အယှက်ပေးခြင်း၊ ပြည်သူလူထုကို စိုးရိမ်ကြောင့်ကြစေခြင်းများကို မပြုလုပ်ရန် ထပ်မံအသိပေးကြောင်း ရက္ခိုင့်တပ်တော်(AA)မှ သြဂုတ်လ ၁၂ ရက်နေ့ရက်စွဲဖြင့် အသိပေးစာတစ်စောင် ထုတ်ပြန်လိုက်သည်။
ရဲတပ်ဖွဲ့ဝင်များအား AA မှ သတိပေးစာကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တစ်ကြိမ်ထုတ်ပြန်ခဲ့ပြီး ယခုသတိပေးစာသည် ဒုတိယအကြိမ်မြောက် ထုတ်ပြန်ခြင်းဖြစ်သည်။
“အဓိကတော့ ရဲတပ်ဖွဲ့ဟာ သူ့အလုပ်ကိုသူမလုပ်ဘဲ ပြည်သူတွေကို မတရားအနိုင်ကျင့်၊ ဖမ်းဆီးနှိပ်စက် ဒီလိုဥပဒေမဲ့သတ်ဖြတ်မှုတွေကို ဗမာစစ်တပ်နဲ့အတူပေါင်းပြီး ကျူးလွန်နေတဲ့အတွက် ဒါတွေကို ရပ်တန့်ကရပ်ဖို့ ကျနော်တို့က သတိပေးချက် ထုတ်ပြန်ရတာဖြစ်တယ်” ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။
တပ်မတော်မှ တပ်အပြောင်းအရွှေ့များ၊ လက်နက်ခဲယမ်းအပြောင်းအရွှေ့များတွင် စစ်ကားများကိုမသုံးစွဲဘဲ အရပ်သားကားများ၊ ရဲကားများနှင့် တရုတ်ပြည်မှ လှူဒါန်းထားသည့် China Aid ကားများဖြင့် သယ်ယူပြောင်းရွှေ့နေကြောင်း AA ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်နှင့် ပူးတွဲစစ်ဆင်ရေးပြုလုပ်နေခြင်း၊ စစ်ဆင်ရေးသဏ္ဌာန်ချီတက်နေခြင်း၊ တပ်မတော်၏ စစ်ဆင်ရေးပြုလုပ်နေသည့်နယ်မြေများတွင် စစ်ဆင်ရေးကို အထောက်အပံ့ဖြစ်နေသည့် ပုံစံမျိုးဖြင့် ရှိနေခြင်းများကို တွေ့ရှိပါက စစ်ရေးကို စစ်ရေးနည်းဖြင့် တုန့်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
“တကယ်လို့ မရပ်တန့်ဘဲ ဆက်လက်ပြီး ကျူးလွန်နေမယ်ဆိုရင် ကျနော်တို့ ULA/AA အနေနဲ့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ရခိုင်ပြည်သူတွေကို ကာကွယ်ဖို့အတွက် မလွဲမရှောင်သာ လုပ်ရမယ့်ဟာတွေရှိတယ်” ဟု ခိုင်သုခက ပြောသည်။
လက်ရှိတွင် ရဲစခန်းများမှာ တပ်မတော်၏ စစ်ဆင်ရေးများတွင် အဓိကထောက်ပို့စခန်း၊ လက်နက်ကြီးပစ်ကူပေးသည့် စခန်းများဖြစ်နေကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် တပ်မတော်သားများနှင့်အတူ ပူးပေါင်းပြီး စစ်ဆင်ရေးများတွင် တိုက်ခိုက်နေမှုများရှိကြောင်း ၎င်းကဆိုသည်။
AA ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းကို DMG ကဆက်သွယ်မေးမြန်းခဲ့သော်လည်း အစည်းအဝေးလုပ်နေ၍ မအားသေးကြောင်းအကြောင်းပြန်ခဲ့သည်။
ထို့ပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာတွင် သူ့အနေဖြင့် တစ်စုံတစ်ရာ မှတ်ချက်မပေးလိုကြောင်း ပြောသည်။
ရက္ခိုင့်တပ်တော်(AA)မှ ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲကင်း စခန်းလေးခုကို တစ်ပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့သည်။
မတ်လ ၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်ခြားစောင့်ရဲကင်းခစန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးမှုများရှိခဲ့သည်။