ကျော်သူဌေး / DMG
ဇူလိုင် ၈ ၊ စစ်တွေ
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများလာခြင်းကြောင့် တောင်ကုတ်မြို့ပေါ်မှ ရပ်ကွက် ၅ ခုတွင် ရေပြည့်ရေလျှံမှုဖြစ်ပေါ်လာနေကြောင်း ဒေသခံများကပြောသည်။
ထိုသို့ မြို့ပေါ်ရပ်ကွက်များ ရေပြည့်ခြင်းမှာ စနစ်တကျအမှိုက်စွန့်ပစ်မှု အားနည်းခြင်းကြောင့် ရေမြောင်းပိတ်ဆို့ခြင်း၊ တောင်ကျရေများလာခြင်း၊ ချောင်းမြောင်းတိမ်ကောလာခြင်း တို့ကြောင့်ဖြစ်သည်ဟု တောင်ကုတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစမ်းငွေက ပြောသည်။
“မိုးရွာတိုင်းရေကြီးတယ်ဆိုတာက သဘာဝမကျဘူးလေ။ လာတဲ့ရေနဲ့ ထွက်တဲ့ရေ မမျှဘူးဖြစ်နေတယ် ။ ရေစီးရေလာပိတ်ဆို့တာကြောင့်ပေါ့ ” ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ မြို့ပေါ်ရပ်ကွက်များတွင် ရေဝင်ရောက်နေမှုကြောင့် သွားလာရေးအခက်အခဲ ဖြစ်ရကာ ရေစီးရေလာကောင်းမွန်စေရန် အသိပညာပေးမှုများရှိသော်လည်း လိုက်နာဆောင်ရွက်မှုအားနည်းကြောင်း ဦးစမ်းငွေကဆိုသည်။
လွန်ခဲ့သော နှစ်အနည်းငယ်ကလည်း တောင်ကုတ်မြို့တွင် ရေကြီးမှုကြောင့် ကမ်းပါးပြိုကျမှု ဖြစ်ပေါ်ကာ လူနေအိမ်အချို့ပျက်စီးမှုရှိခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းမှ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် တောင်ကုတ်မြို့နယ်တို့မှာ နှစ်စဉ်ရေဘေးအန္တရာယ်ကို အနည်းနှင့်အများ ခံစားနေကြရသည့် မြို့နယ်များဖြစ်သည်။




