ဓာတ်ပုံ - ရိုက်တာ

မြတ်ဝင်းကျော် | DMG

သြဂုတ် ၂၉ ၊ ရန်ကုန်

ထိုင်းနိုင်ငံ လိပ်ကျွန်း (Koh Tao) ၌ ဗြိတိန်ခရီးသွားစုံတွဲကို သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား ၂ ဦး၏ နောက်ဆုံးအယူခံအား ထိုင်းနိုင်ငံတရားလွှတ်တော်ချုပ်က သြဂုတ်လ ၂၉ ရက်နေ့မှာ ပယ်ချလိုက်သည်။

ဗြိတိန်နိုင်ငံသား မစ္စတာဒေးဗစ်မီလာနှင့် မစ္စ ဟာနာဝစ်ထရစ်တို့နှစ်ဦးကို ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း လိပ်ကျွန်းတွင် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့နှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု စသည့် အမှု ၇ ခုနှင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ တရားစွဲဆိုခံရပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် ထိုင်းနိုင်ငံ ကော့စမွီတရားရုံးက သေဒဏ်ချမှတ်လိုက်သည်။

Photo - khaosodenglish.com

အဆိုပါအမှုအား ၄င်းတို့နှစ်ဦး ကျူးလွန်ခဲ့ခြင်းမဟုတ်ကြောင်း ၊ လူသတ်လက်နက်တွင် တွေ့ရှိရသော DNA မှာလည်း ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ အထောက်အထား တစ်စုံတရာမရှိကြောင်း စသည်ဖြင့် အပြစ်မရှိကြောင်း အယူခံအဆင့်ဆင့်တက်လာခဲ့ပြီး နောက်ဆုံးတရားရုံးလွှတ်တော်ချုပ်သို့ အယူခံတက်ရာတွင် ပယ်ချလိုက်၍ အောက်ရုံးများက ချမှတ်ခဲ့သောပြစ်ဒဏ်ကို အတည်ပြုလိုက်ခြင်းဖြစ်သည်။

သေဒဏ်ချမှတ်ခံထားရသည့် မြန်မာလူငယ် ၂ ဦးမှာ နောက်ဆုံးအနေဖြင့် ထိုင်းဘုရင်ထံသို့ အသနားခံစာ တင်ရမည့်ကိစ္စတစ်ခုတည်းသာ ကျန်ရှိပြီဖြစ်သောကြောင့် ထိုင်းဘုရင်ထံသို့ အသနားခံစာတင်ပို့မည်ဟုလည်း သိရသည်။

Author: Admin