ဓာတ်ပုံ - ကျော်လှမြင့်

အောင်ထိန်/DMG

ဇူလိုင် ၄၊ စစ်တွေ

ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာအနီးတွင် ဇွန်လ ၃၀ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားစဉ် မပေါက်ကွဲသေးသော လက်နက်ကြီး ကျည်များ ရွာထဲသို့ ကျရောက်လာသဖြင့် ရွာသူ၊ရွာသားများ စိုးရိမ်မှုရှိနေကြသည်။

လက်နက်ကြီးကျည်သည် မင်းသားတောင်ရွာက နေအိမ်တစ်အိမ်၏ ခြံတွင်းသို့ ကျရောက်လာခြင်းဖြစ်သည်။ထို့ ကြောင့် ယင်းအိမ်က မိသားစုဝင်များမှာ တခြားနေအိမ်များသို့ ပြောင်းရွှေ့နေထိုင်နေကြရသည်။

“ကျွန်တော်တို့ အိမ်မှာလည်း မနေရဲတော့ဘူး ။အနီးအနားကအိမ်တွေမှာ သွားပြီးနေနေရတယ်။ ဒီလက်နက်ကြီးကျည် ဘယ်အချိန် ပေါက်မယ်မှန်းမသိ ကြောက်နေမိတယ်။ ဒီပစ္စည်းကို သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်ပြီး ဆောင်ရွက်ပေးစေချင်တယ်” ဟု အိမ်ခြံပိုင်ရှင် ထွန်းအေးမောင်က ပြောသည်။

လက်ရှိတွင် ယင်းလက်နက်ကြီးကျည်ကို ခြံခတ်ထားပြီး မြက်ပင်များနှင့်ဖုံးအုပ်ထားသည်။

“အခုလိုမျိုး နောက်ထပ်မဖြစ်စေချင်ဘူး။ အခု ဒီလက်နက်ကြီးက မပေါက်ကွဲသေးလို့ တကယ်လို့သာ ပေါက်ကွဲသွားရင် ပျက်စီးမှုတွေ ထိခိုက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတယ်”ဟု ဒေသခံ ဦးဦးလှမောင်က ပြောသည်။

ယခုရက်ပိုင်းအတွင်းတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့်မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေမှာလည်း (၅)သောင်းနီးပါးအထိ ရှိလာနေပြီ ဖြစ်သည်။

 

Author: Admin