မျိုးသီရိကျော် | DMG
မေ ၇ ၊ မောင်တော
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တံဆိပ်ပါ စားနပ်ရိက္ခာများကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင်အနီးတွင် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာ၏အနောက်ဖက် မီတာ ၃၀၀၀ ခန့်အကွာနေရာတွင် ချုံပုတ်တစ်ခုအတွင်းမှ မိုးကာစအမည်းရောင်ဖြင့် ဖုံးအပ်ထားသည့် ဆာလာအိတ် ၁၆ လုံးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ WFP တံဆိပ်ပါ စားနပ်ရိက္ခာပစ္စည်းများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုသို့တွေ့ရှိသော WFP တံဆိပ်ပါပစ္စည်းများထဲတွင် ပဲနီလေး ၄၈ ထုတ်၊ ဆီ ၂ လီတာဆံ့ ၁၀ ဘူး၊ ၃ လီတာဆံ့ ၁၀ ဘူး၊ ဆား ၃ ပိဿပါ ၂ အိတ်၊ နနွင်းမှုန့် ၁ ပိဿခန့်ပါ ၅၅ ထုတ်၊ အရောင်တင်မှုန့် ၂ ပိဿာခန့်ပါ ၁၉ ထုတ်၊ Hi Speed ခြင်ဆေးခွေ ၁၈၂ ဘူးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်အရ သိရသည်။
ဧပြီလ ၂၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၄၁ ၏ မြောက်ဘက် မီတာ ၁၅၀၀ ခန့်  အကွာနေရာတွင် အာဆာအဖွဲ့နှင့် ပတ်သက်ဆက်နွယ်နေသူနှစ်ဦးအား ဒေသန္တရလက်လုပ်မိုင်း ၁ လုံး၊ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်းလည်း တပ်မတော်က ဆိုသည်။
ထို့ပြင် မေလ ၂ ရက်နေ့ကလည်း ဘီပီ-၄၁ အနီး နယ်စပ်ခြံစည်းရိုးတစ်လျှောက် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား အာဆာအဖွဲ့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ ချောင်းမြောင်းပတ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဆိုပါဖြစ်စဉ်နေရာနှင့် နယ်စပ်မျဉ်းတစ်လျှောက် လုံခြုံရေး ဆက်လက်ဆောင်ရွက်ခဲ့ရာတွင် WFP တံဆိပ်ပါ စားနပ်ရိက္ခာများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်က ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၈ ရက်ကလည်း ခမောင်းဆိပ်ကျေးရွာ၏ အနောက်ဖက် မီတာ ၂၅၀၀ ခန့်အကွာတွင် အာဆာအဖွဲ့မှ သိုဝှက်ထားသည့် တဲနှစ်လုံးမှ ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ ပြောက်ကျားဝတ်စုံ ၁ စုံ၊ လည်တိုဖိနပ် ၂ ရံ ၊ (WFP)တံဆိပ်ပါ ၁ လီတာဆံ့ ဆီဘူး ၄၀ဘူး ၊ အာလူး ၁ အိတ်၊ ဆေးမျိုးစုံ ၁ အိတ်၊ လက်ကိုင်ဖုန်း ၁ လုံး၊ မှန်ပြောင်း ၁ လက်၊ အလျား ၃ ပေ ၊ အနံ ၂ ပေရှိ ပလက်စတစ်အိတ် ၅၀ အိတ်၊ တစ်ဖက်နိုင်ငံဒုက္ခသည်စခန်းများတွင် UNHCR မှ ထုတ်ပေးထားသည့် ကတ်ပြား ၁ ခုနှင့် အစ္စလာမ် ကျမ်းစာအုပ် ၁ အုပ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။




