WHO ပိုင် မော်တော်ယာဉ် ပစ်ခတ်ခံရ၍ သေဆုံးသွားသူ ဦးပြည့်စုံဝင်းမောင်၏ ရုပ်အလောင်းအား စစ်တွေဆေးရုံကြီးသို့ သယ်ဆောင်လာကြစဉ်။


အောင်ထိန် | DMG
ဧပြီ ၂၉ ၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပိုင် မော်တော်ယာဉ်ပစ်ခတ်ခံခဲ့ရသည့် ဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် နိုင်ငံတော်သမ္မတရုံးမှ ဧပြီလ ၂၈ ရက်နေ့ရက်စွဲဖြင့် စုံစမ်းစစ်ဆေးရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

WHO ပိုင် မော်တော်ယာဉ်ပစ်ခတ်ခံရမှု အခင်းဖြစ်ပွားသည့်နေရာ၏ နောက်ခံအခြေအနေ၊ ဖြစ်စဉ်အသေးစိတ်တို့ကို သိရှိနိုင်ရန်အတွက် ဖြစ်စဉ်နေရာသို့ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရန်၊ WHO ပိုင်ယာဉ်အမှတ် UN (5/34) ပစ်ခတ်တိုက်ခိုက်ခံရခြင်းအတွက် မျက်မြင်သက်သေ ထွက်ဆိုချက်ကို ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ပါရှိသည်။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းနိုင်သည့်အပြင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးအရာရှိများအပါအဝင် လိုအပ်သူများကို ခေါ်ယူမေးမြန်းသွားမည် ဟုလည်း သမ္မတရုံးကထုတ်ပြန်ထားသည်။

WHO ကားကို AA က ပစ်ခတ်ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားကာ ရက္ခိုင့်တပ်တော်(AA)မှလည်း WHO ကားကို တပ်မတော်က ပစ်ခတ်ခြင်းဖြစ်ကြောင်း အပြန်အလှန်စွပ်စွဲ ထုတ်ပြန်ထားကြသည်။

ယခုကဲ့သို့ ကော်မတီဖွဲ့စည်းစုံစမ်းမည်ဆိုသည်မှာ အစိုးရ၏ ပုံမှန်လုပ်ဆောင်ချက်တစ်ခုသာဖြစ်ပြီး ယခင်ကလည်း ကော်မတီ၊ ကော်မရှင်များဖွဲ့စည်းကာ ထိရောက်စွာဆောင်ရွက်မှုမှာ အားနည်းခဲ့ကြောင်း ဝံလက်ဖောင်ဒေးရှင်းဒါရိုက်တာ ခိုင်ကောင်းစံက ထောက်ပြသည်။

“အဲဒီကော်မရှင်တွေ အလုပ်လုပ်တဲ့အခါ သမာသမတ်ကျမှု၊ မှန်မှန်ကန်ကန်လုပ်မှုတွေ၊ နောက် အဲဒီကော်မရှင်ထဲမှာ ပါဝင်တဲ့သူတွေက အဲဒီဧရိယာထဲကိုသွားပြီး သတင်းအချက်အလက် မှန်ကန်စွာရနိုင်မလား။ အဲဒါတွေက စဉ်းစားစရာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

“နောက်တစ်ခုက ဘယ်က ဒီသတင်းရင်းမြစ်လာတယ်ဆိုတာတွေ သတင်းလုံခြုံမှုအရ ထိန်ချန်ထားတဲ့ အခွင့်အာဏာတွေကို လုပ်နိုင်တဲ့လူတွေ လုပ်ဆောင်ဖို့လိုတယ်။ အဲဒါမှ သတင်းအမှန်ထွက်မယ်လို့မြင်တယ်” ဟုလည်း ခိုင်ကောင်းစံက ဆက်ပြောသည်။

ယခု ဖွဲ့စည်းလိုက်သည့် စုံစမ်းစစ်ဆေးရေးကော်မတီတွင် လူပုဂ္ဂိုလ် ၄ ဦးပါဝင်ပြီး အတွင်းရေးမှူးအဖြစ် ရခိုင် ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဟောင်း ဗိုလ်မှူးကြီးထိန်လင်းကို တာဝန်ပေးထားသည်။

ဗိုလ်မှူးကြီးထိန်လင်း(ငြိမ်း)သည် ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက်တွင် စစ်ဘက်မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ခဲ့ကာ မကြာမီက စစ်တပ်မှအနားယူခဲ့သည်။

ရခိုင်ပြည်နယ်လုံ/နယ်ဝန်ကြီးဟောင်း ဗိုလ်မှူးကြီးထိန်လင်း(ငြိမ်း)ကို နိုင်ငံတော်သမ္မတရုံး၏ အကြံပေးအဖြစ် ပြီးခဲ့သည့် မတ်လ ၂၀ နေ့က ခန့်အပ် တာဝန်ပေးအပ်ခဲ့သည်။

WHO ကားသည် ဧပြီလ ၂၀ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ရောဂါစောင့်ကြည့်ခံရသူများ၏ ဆေးစစ်ချက် နာမူနာ များကို ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ရန်သွားစဉ်

မင်းပြားမြို့နယ်၊ ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီး၌ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါပစ်ခတ်မှုကြောင့် WHO ၏ ဒေသခန့် ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်နှင့် ကျန်းမာရေးဝန်ထမ်း ဦးအောင်မျိုးဦးတို့ ဒဏ်ရာရရှိခဲ့ကာ ဦးပြည့်စုံဝင်းမောင်မှာ မင်းပြားဆေးရုံ၌ ကုသမှုခံယူနေစဉ် သေဆုံး သွားခဲ့သည်။

Author: Admin