မင်းထွန်း | DMG

ဇူလိုင် ၁၂၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများဖြစ်ပွာနေမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခွင့် ရ၊မရကို နိုင်ငံရေးအဖွဲ့ အစည်းများအပါအဝင် တခြားအဖွဲ့အစည်းများက စိုးရိမ်သုံးသပ်မှုများရှိနေသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲသည် ပြုလုပ်နိုင်မည့် အနေအထားမရှိဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီမှ အတွင်းရေးမှူး ဦးမျိုးကျော်က သုံးသပ်သည်။

“ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာက ဒီနေ့ အခြေအနေအရဆိုရင် အုပ်ချုပ်ရေးယန္တရားတွေတောင်မှ  ကောင်းကောင်းမွန်မွန် လည်ပတ်မှုရှိတာ မတွေ့ရဘူးလေ။ အဲလိုနေရာမျိုးမှာ ရွေးကောက်ပွဲ ဖြစ်နိုင်ဖို့ဆိုတဲ့ အလားအလာတော့ ကျနော်တို့ နိုင်ငံရေးပါတီအရဆိုတော့ သိပ်တော့ မမျှော်လင့်ဘူးပေါ့” ဟု ဦးမျိုးကျော်က ဆိုသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း ပြုလုပ်မည့် ၂၀၂၀ ရွေးကောက်ပွဲသည် လက်ရှိအနေအထားတွင် ဖြစ်နိုင်ခြေရှိသော်လည်း နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များအပေါ်တွင်လည်း မှုတည်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

“လက်နက်ကိုင်တပ်တွေအနေနဲ့ ရွေးကောက်ပွဲအနီးကပ်ကာလမှာ ရည်ရွယ်ချက်ရှိရှိ တိုက်ပွဲတွေ ဖော်ဆောင်လာမယ့်အပေါ် တစ်နည်းအားဖြင့် ရွေးကောက်ပွဲကို ထိခိုက်စေနိုင်မယ့်  စစ်ရေးလှုပ်ရှားမှုတွေ ပေါ်လာရင်တော့ အခက်အခဲတွေ့နိုင်တယ်။ ဒါပေမယ့် လက်ရှိအနေအထားအရ  ပြောရမယ်ဆိုရင်တော့ ဖြစ်နိုင်တဲ့ အခြေအနေမှာရှိပါတယ် ” ဟု ၄င်းကပြောသည်။

သို့သော် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း  ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

“၂၀၂၀ မှာတော့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်တိုင်းကို ရွေးကောက်ပွဲလုပ်နိုင်အောင်တော့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။၂၀၂၀ နီးသွားတဲ့အခါမှပဲ ရွေးကောက်ပွဲ လုပ်နိုင်မလား မလုပ်နိုင်ဘူးလား ဆိုတာကို  တိတိကျကျသိရမယ်။ လက်ရှိအနေအထားတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့  အနေအထားနဲ့ ပြင်ဆင်ဆောင်ရွတ်နေတယ်” ဟု ပြည်နယ်ရွေးကောက်ပွဲ အရာရှိ ဦးသူရိန်ထွဋ်က DMG ကို ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင်း မြို့နယ်တိုင်းနှင့် စစ်ဘေးရှောင်စခန်းများတွင် ရှိသည့် လူဦးရေစာရင်းများကို ဇွန်လမှစပြီး ကောက်ယူလျက်ရှိကြောင်းလည်း သိရသည်။

ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများ ကောက်ယူမည့်အချိန်ကို ဇွန်လမှ စက်တင်ဘာလအထိ ၄ လ သတ်မှတ်ထားသော်လည်း သြဂုတ်လတွင် အပြီးအစီးကောက်ယူနိုင်အောင် ဆောင်ရွတ်ထားသည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိထံမှ သိရသည်။

Author: Admin