
မေလ ၁၀ ရက်၊ ၂၀၁၈ ခုနှစ်။ ။ မောင်တော-အငူမော်လမ်းရှိ သဝင်ချောင်းကျေးရွာအနီးတွင် မေလ ၈ ရက်နေ့က WY စိတ်ကြွ ဆေးပြား တစ်သိန်းရှစ်သောင်းကျော် သယ်ဆောင်လာသူအား နယ်မြေရဲကင်းစခန်းမှ သေနတ်ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
စိတ်ကြွဆေးများကိုသယ်ဆောင်လာသူမှာ ဆိုင်ကယ်ဖြင့် အငူမော်မှ မောင်တောဘက်သို့သွားရောက် ခြင်းဖြစ်ပြီး စစ်ဆေးမှုများပြုလုပ်နေသည့် သဝင်ချောင်းရဲကင်းစခန်းရှေ့အရောက်တွင် ပါလာသည့် ကျောပိုးအိတ်ကိုပစ်ချကာ ထွက်ပြေးခဲ့သည်။
ယင်းသို့ထွက်ပြေးခြင်းကြောင့် ရဲတပ်ဖွဲ့မှလိုက်လံဖမ်းဆီးရာ ကင်းစခန်းအနီးတောစပ်အတွင်းသို့ ဝင်ပြေးသည့်အတွက် ရဲတပ်ဖွဲ့မှ သေနတ်တစ်ချက်မိုးပေါ်ထောင်ပစ်ခတ်ခဲ့သော်လည်း ဆက်လက် ထွက်ပြေးခြင်းကြောင့် ဒူးအောက်ပိုင်းကို သေနတ်တစ်ချက်ထပ်မံပစ်ခတ်ပြီး ဖမ်းဆီးခဲ့သည်ဟု သိရသည်။
သေနတ်ပစ်ခတ်ဖမ်းဆီးခဲ့ရသူ ပစ်ချခဲ့သည့်ကျောပိုးအိတ်အတွင်းတွင် ကာလတန်ဖိုး သိန်းပေါင်း သုံးထောင်ခုနှစ်ရာကျော်တန်ဖိုးရှိသည့် WY စိတ်ကြွဆေးပြား ၁၈၅၀၀၀ ပြားကို သိမ်းဆည်း ရမိခဲ့သည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ၏ ထွက်ဆိုချက်အရ ပိုင်ရှင်ဟုဆိုသူအား ရဲတပ်ဖွဲ့မှ ဆက်လက်ရှာဖွေရာ သဘောင်္ကွေ့ကျေးရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ဖမ်းဆီးရမိသူ ၂ ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသည့်ဥပဒေဖြင့် အင်းဒင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်းလည်း သိရသည်။




