ဓာတ်ပုံ - ရဲဇာနည်(fb)

မြတ်ဝင်းကျော်/DMG

သြဂုတ် ၂၉၊ ရန်ကုန်

 ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် WY စိတ်ကြွရှုးသွပ်ဆေးပြား ၁၀ သိန်းနှင့်အတူ ဆက်စပ်ကာ ကျပ်သိန်းပေါင်း ၈ သောင်းကျော် တန်ဖိုးရှိသော WY ဆေးပြား စုစုပေါင်း ၂၆ သိန်းကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ်လ ၂၈ ရက်နေတွင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသခကြီး  ဒဂုံဆိပ်ကမ်းမြို့နယ်၌ နေထိုင်သည့် မခိုင်ခိုင်နှင့် နိုင်နိုင်ထွန်းတို့ မောင်နှစ်မနှစ်ဦး နေအိမ်မှ WY ဆေးပြား ၆၇၈၀ ပြား ဖမ်းဆီးရမိ၍ ၄င်းတို့ နှစ်ဦး စစ်ဆေးရာ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် အောင်မင်္ဂလာကားဝင်းအတွင်းရှိ မင်းထက်သာနှင့် လေးဝတီ ခရီသည်တင်ယာဉ်လိုင်းမှာ ဆာလာအိတ် ၁၇ ခု အတွင်း အဝတ်အထည်များနှင့် ရောနှောကာ အပ်နှပ်ထားကြောင်း သိရှိရသည်။

ထိုသို့ သိရှိရသဖြင့် သြဂုတ်လ ၂၆ ရက်နေ့  နံနက်ပိုင်းအချိန်၌ မင်းထက်သာကား၏ ပစ္စည်းတင်အကန့်အတွင်းမှ ဆာလာအိတ် ၇ အိတ်ဖြင့် ထည့်ထားသော WY ဆေးပြား ၁၀ သိန်းအား ဖမ်းဆီးရမိခဲ့သည်။

ယင်းအပြင် အမ်းမြို့နယ် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် မင်းထက်သာ ခရီးသည်တင် ကားပေါ်မှ ဆာလာအိတ် ၅ ခုဖြင့် ထည့်ထားသည့် ဆေးပြား ၇ ဒသမ ၅ သိန်း အား ဖမ်းဆီးရမိခဲ့သည်။

အလားတူ သြဂုတ်လ ၂၇ ရက် နံနက် ၈ နာရီခွဲအချိန်၌ မင်းပြားမြို့နယ် ရာမောင်တံတားကူးနေရာတွင် လေးဝတီ ခရီသည်ကားပေါ်မှ ဆာလာအိတ် ၅ အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား  ၇ သိန်းကျော်အား ရှာဖွေ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အဆိုပါ ဆေးပြားများနှင့် တရားခံ မခိုင်ခိုင်တို့ မောင်နှစ်မနှစ်ဦးအား ယင်းသို့ ဖမ်းဆီးရမိခြင်းမှာ  သြဂုတ်လ ၂၅ ရက်နေ့ က ရန်ကုန်မြို့၊ မြန်မာပလာဇာရှေ့တွင် ထွဋ်အောင်လွင်နှင့် ကြည်ခိုင်တို့ ထံမှ ဆေးပြား ၄ဝဝ အား ဖမ်းမိရာ၊ ၄င်းတို့ဝယ်ယူခဲ့သော စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်နေ မအေအေးဝင်းအိမ်၌ ရှာဖွေရာ ဆေးပြား ၁သိန်းကျော် ဖမ်းဆီးရမိ၍ ဆက်စပ်ကာ ရခိုင်သို့ ပို့ဆောင်သည့် စိတ်ကြွရူးသွပ်ဆေးပြား များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

Author: Admin