(ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

နေရောင်မင်း | DMG
မတ်လ ၁၇၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေ-ရေချမ်းပြင်ကားလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးချက်အရ မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိသည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

မတ်လ ၁၅ ရက်နေ့က စစ်တွေ-ရေချမ်းပြင်သွား ကားလမ်းအတိုင်း အာလီ(ဘ)ကာမာဟူဆား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ရှေ့ကြားတွင်ညှပ်၍ သယ်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၇၂ဝဝ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၉၄ဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖမ်းဆီးရမိသူအား ဆက်လက်စစ်ဆေးချက်အရ ဒါးပိုင်ကျေးရွာရှိ ထွက်ပြေးတိမ်းရှောင်နေသည့် မော်လဝီယူနုစ်၏ နေအိမ်အား သွားရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းမျက်နှာကြက်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၄ဝ ပြား(ခန့်မှန်း တန်ဖိုးငွေကျပ် ၆ သိန်းကျော်)အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား စစ်တွေမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

Author: Admin