ခိုင်ရိုးလ | DMG
ဖေဖော်ဝါရီ ၇၊ ဘူးသီးတောင်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင် မွတ်ဆလင်ကျေးရွာတွင် ယနေ့(ဖေဖော်ဝါရီ ၇ရက်)၊ နံနက် ၂ နာရီအချိန်ခန့်က ဈေးဆိုင်တန်းမီးလောင်မှုကြောင့် ဆိုင်ခန်း ၂၀ ကျော်နှင့် လူနေအိမ် ၂ လုံး မီးလောင်ကျွမ်းသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှ မီးကြွင်းမီးကျန်ကြောင့် လောင်ကျွမ်းခြင်းဖြစ်ပြီး တခြားဆိုင်များကိုလည်း ကူးစပ်လောင်ကျွမ်းသွားခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးမှူး ဦးလုံးချောက ပြောသည်။
“ဆိုင်ခန်း ၂၀၊ နေအိမ် ၂ လုံး ဘာတစ်ခုမှမရလိုက်ဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါ မီးလောင်မှုမှာ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ကျေးရွာတွင်း အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရွာသူ/သားများ ဝိုင်းဝန်းမီးသတ်ခဲ့မှုကြောင့် မီးငြိမ်းသွားသည်ဟု ဒေသခံများထံက သိရသည်။
“လူ၊ တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု တစ်ခုမှမရှိဘူး” ဟု ဦးလုံးချော က ပြောသည်။
မီးလောင်မှုဖြစ်စဉ်ကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြထားပြီး ဆုံးရှုံးမှုတန်ဖိုးကို စိစစ်နေဆဲဟု ကျေးရွာအုပ်ချုပ်ရေးမှူးထံက သိရသည်။




