ဓာတ်ပုံ - မြတန်ဆောင်းဆရာတော်

မြတ်ဆွေ | DMG
ဇူလိုင် ၆ ၊ မြေပုံ

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် မြေပုံမြို့နယ်၊ ရက်ချောင်း စစ်ဘေးရှောင်စခန်းအတွင်းသို့ ရေဝင်ရောက်နစ်မြုပ်လာ၍ စစ်ဘေးရှောင်များကို နေရာရွှေ့ပြောင်းထား ရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

“ရေတွေတက်လာတော့စိုးရိမ်ရတယ်။ မွေးကင်းစမိခင်တွေ၊ ကလေးတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေ အတွက် ရေတက်လာတော့အဆင်မပြေဘူး။ ရေကအရှိန်အဟုန်နဲ့ဝင်တိုက်တော့ တဲအိမ်တချို့ပျက်စီးသွားတာ ရှိတယ်” ဟု ကူညီဆောင်ရွက်ပေးနေသည့် မြတန်ဆောင်းဆရာတော်က မိန့်သည်။

အဆိုပါစခန်းသို့ ဇူလိုင်လ ၅ ရက်နေ့က မွန်းလွဲ ၃ နာရီအချိန်မှ ညနေ ၁၁ နာရီအချိန်ထိ တောင်ကျရေများ ဝင်ရောက်လာ၍ ရေ ၅ ပေခန့် မြင့်တက်ကာ တဲအိမ်များနစ်မြုပ်ခဲ့သည့်အတွက် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ဆရာတော်က ရှင်းပြသည်။

“အလှူရှင်တွေကလှူထားတဲ့ စားနပ်ရိက္ခာဆန်တွေ၊ ငပိတွေ၊ ဆားတွေတချို့ ရေနဲ့ပါသွားတော့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်တယ်။ ရေတက်တော့ ချက်ပြုတ်စားသောက်ရမယ့် နေရာတွေမရှိတော့ အခက်အခဲ တော်တော်ဖြစ်နေတယ်”ဟု ဆရာတော်က ဆက်၍မိန့်သည်။

ယင်းစစ်ဘေးရှောင်စခန်းမှာ ချောင်းကမ်းစပ်တွင် တည်ဆောက်ထားပြီး မိုးအဆက်မပြတ် ရွာသွန်းရာတွင် တောင်ကျရေများ စီးဆင်းလာမှုများသည့်အပြင် ချောင်းမှဒီရေတက်လာခြင်းကြောင့် ရေနစ်မြုပ်ရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။

၎င်းစစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။

လက်ရှိအချိန်၌ ရေ ၃ ပေခွဲခန့် ကျဆင်းသွားပြီးဖြစ်သော်လည်း ထပ်မံ၍ ရေကြီးလာမည်ကို စိုးရိမ်ရသည့် အတွက် ခေတ္တတည်းခိုရန် အဆောက်အဦးအမြင့်တစ်ခု လိုအပ်နေကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။

ရွာသာယာကျေးရွာမှ လာရောက်ခိုလှုံနေသူ ဦးခင်ကျော်လှိုင်က “မနေ့ကဆိုရင် အကုန်လုံးမြုပ်သွားတယ်။ အဲဒီလို့မြုပ်သွားတော့ နေထိုင်ဖို့အတွက် အဆင်မပြေတော့ဘူး။ အခုအချိန်မှာ ရေတွေနည်းနည်းဆင်းသွား ပေမယ့်လည်း နောက်ထပ် မိုးများကြီးလာရင်မြုပ်နိုင်တယ်။ ဒါကြောင့် ရေလွတ်တဲ့နေရာမှာ အရေးပေါ်နေထိုင်ဖို့ အတွက် ခပ်မြင့်မြင့်အဆောင်တစ်ဆောင်လိုအပ်တယ်” ဟု ပြောသည်။

အဆိုပါစခန်းတွင် မြေပုံမြို့နယ် ရွာသာယာ၊ ဒင်္ဂါးရ၊ မီးကျောင်းတက် စသည့် ကျေးရွာများမှ ဒေသခံများ လာရောက်ခိုလှုံနေကြခြင်းဖြစ်ပြီး ယာယီတဲအိမ် (၁၁၅)လုံးတွင် စစ်ဘေးရှောင်ဦးရေ ၄၀၀ ကျော် နေထိုင်လျက် ရှိသည်။

Author: Admin