
(YJS က ၂၀၁၇ ခုနှစ်အတွက် ဆောင်းပါးဆု ပေးအပ်ပွဲတွင် ကိုကျော်စိုးဦး ဆုတက်ရောက်ယူနေစဉ်။ ဓါတ်ပုံ - YJS facebook)
ဇန်နဝါရီလ ၂၄၊ ၂၀၁၈ ခုနှစ်။ ။ ရန်ကုန်သတင်းစာပညာကျောင်း (YJS) ၏ ၂၀၁၈ ခုနှစ် သတင်းဆောင်းပါးဆုပေးပွဲတွင် ရိုက်တာသတင်းဌာနမှ ဖမ်းဆီးခံသတင်းထောက် ကိုကျော်စိုးဦးက ဒုတိယအကြိမ်အဖြစ် ဆုတစ်ခုရရှိခဲ့သည်။
အဆိုပါ ဆုကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ဆောင်းပါးရှင်များထဲမှ ၁၀ ဦးခန့်ကို ရွေ့ချယ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဆုရရှိမှုနှင့်ပတ်သက်ပြီး ကိုကျော်စိုး၏ ဇနီးဖြစ်သူ မချစ်စုဝင်းက ယခုလိုပြောသည်။
“ ပျော်လဲပျော်တယ်။ ဝမ်းနည်းဝမ်းနည်းတယ်။ တဖက်မှာလဲ ကိုကျော်စိုးဦးက သူရန်ကုန်ကိုသွားဖို့ကျရင် ဆုယူဖို့ ဖြစ်ရင်ဖြစ်မယ်။ ဆုယူလို့ရှိရင် နင်တို့သားမိကို မှာလိုက်မယ်။ ငါရန်ကုန်မှာရှိမယ်၊ အဲဒီအခါ ဆုတက်ယူကြဖို့ပေါ့။ အခုတော့ သားမိနှစ်ယောက်ဆုကို တက်ယူရတာဆိုတော့ စိတ်မကောင်းပါဘူး။ ” ဟု မချစ်စုဝင်းကပြောသည်။
ယင်းဆုကို ကိုကျော်စိုးဦး၏ဇနီးနှင့် သမီးတို့ကတက်ရောက်ရယူခဲ့ပြီး ကိုကျော်စိုးဦးမှာ ပြီးခဲ့သည့်နှစ်ကလည်း ရန်ကုန်သတင်းစာပညာကျောင်းက ပေးအပ်သော ဆုတစ်ခုကို ရရှိခဲ့သည်။
ကိုကျော်စိုးဦးမှာ လက်ရှိအချိန်တွင် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် ဖမ်းဆီးခြင်းကိုခံထားရပြီး ဇန်နဝါရီလ ၂၃ ရက်နေ့က ရုံးထုတ်ရာတွင် ဆုရရှိမှုနှင့် ပတ်သက်လို့လည်း သူ့ကို ဓာတ်ပုံများပြနိုင်ခဲ့ကြောင်းလည်း မချစ်စုမကပြောသည်။

(နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် ဖမ်းဆီးခံနေရသော ရိုက်တာသတင်းထောက် ကိုကျော်စိုးဦး။ ဓါတ်ပုံ - ရိုက်တာသတင်းဌာန)




