ဝင်းညွန့် | DMG
ဖေဖော်ဝါရီ ၁၈၊ စစ်တွေ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအတွင်းတွင် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များ တွေ့ရှိရသဖြင့် ဒေသခံများစိုးရိမ်နေကြသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် အဆိုပါကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများရှိခဲ့ပြီး နေအိမ်တစ်အိမ်လည်း မီးလောင်ပျက်စီးမှုရှိခဲ့သည်ဟု အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ပြောသည်။
“ ရွာထဲမှာ မပေါက်သေးတဲ့ RPG တွေရှိတယ်။ လက်နက်ကျည်ခွံတွေလည်း ရွာထဲမှာပြန့်ကြဲနေတယ်။ ရွာနားမှာတိုက်ပွဲဖြစ်တဲ့နေ့က ဦးမောင်သာနု ဆိုသူအိမ်မှာ လက်နက်ကြီးကျလို့ မီးလောင်သွားတယ်။ ရွာထဲမှာတော့ ရွာသား ၂၀ လောက်ပဲ ကျန်ခဲ့တယ်” ဟု ၄င်းကဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုအပြင် ရွာထဲတွင် ထိုသို့လက်နက်ကြီးကျည်များ တွေ့ရှိရသဖြင့် ပေါက်ကွဲမှုဖြစ်ပွားမည်ကို စိုးရိမ်၍ ဒေသခံအများစုမှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။
“အဲဒီမပေါက်သေးတဲ့ လက်နက်တွေကို ရှင်းပေးစေချင်တယ်” ဟု ရွာသားတစ်ဦးက တောင်းဆိုသည်။
ယင်းကျေးရွာတွင် အိမ်ခြေ (၂၅၀)ကျော်ရှိပြီး လူဦးရေ (၁၀၀၀)ကျော်နေထိုင်ကြသည်။
တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ပလက်ဝ၊ မင်းပြား၊ ဘူးသီးတောင်၊ ကျောက်တော် စသည့် ရခိုင်ပြည်နယ် မြို့နယ်များတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ပြည်သူမျာ ထွက်ပြေးတိမ်းရှောင်နေရသည်။




