
သီဟ | DMG
ဒီဇင်ဘာ ၁၅ ၊ စစ်တွေ
ဇီဝဇိုးငှက်မှ သဘာဝအလျှောက်ရရှိသည့် ငှက်သိုက်များကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ စတင်ကာ ထုတ်လုပ်နေပြီဖြစ်ကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်နေသူ ဒေါက်တာ ရတနာစည်က ပြောသည်။
အိမ်တွင် သဘာဝအလျှောက် လာရောက်နေထိုင်သည့် ဇီဝဇိုးငှက်များမှ ကျန်ရှိသည့် ငှက်သိုက်များဖြင့် ထုတ်လုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင် တစ်ပိုင်တစ်နိုင်သာ ထုတ်လုပ်လျှက်ရှိနေကြောင်း ၎င်းကဆိုသည်။
“လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ငှက်ကလေးတွေတွေ့တယ်။ ပထမ အိမ်မှာတွေ့တုန်းက အသိုက်က ၂၀၊ ၃၀ လောက်ပဲရှိတာ နောက်ပိုင်းကျတော့ တဖြည်းဖြည်း အကောင်ရေတွေ များများလာတာ။ ကျွန်မအမေက အရင်ဆုံး စပြီး Idea ရပြီး အခုလို ငှက်သိုက်လုပ်ဖို့ စီစဉ်ဖြစ်တာ”ဟု ဒေါက်တာရတနာစည်က ရှင်းပြသည်။
လက်ရှိတွင် အဆိုပါ ဇီဝစိုးငှက်သိုက်ကို အသင့်စားသုံးနိုင်သည်အထိ ရိုးရာနည်းဖြင့် အဆင့်ဆင့် သန့်စင်ကာ ထုတ်လုပ်နေခြင်းဖြစ်ပြီး ခေတ်မီနည်းပညာများ အသုံးပြုကာ ထုတ်လုပ်နိုင်ရန်အတွက်လည်း ဆက်သွယ် ဆောင်ရွက်လျှက်ရှိကြောင်း သူကပြောသည်။

လက်ရှိတွင် နှင်းတောင်ငှက်သိုက်အမည်ဖြင့် မှာယူသူအရေအတွက်ကို လိုက်၍ ငှက်သိုက်တစ်ဗူးကို ငါးထောင်ကျပ်ဖြင့် Online မှလည်း ရောင်းချလျှက်ရှိကာ ကျောက်ဖြူမြို့ နှင်းတောင်ဟိုတယ်တွင်လည်း လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အသံတုများဖြင့် ဇီဝဇိုးငှက်များမွေးမြူကာ ငှက်သိုက်ထုတ်လုပ်ခြင်းနှင့် သဘာဝ ကျောက်လှိုဏ်ဂူများမှ ဇီဝဇိုးငှက်သိုက်များ ခွာယူကာ ငှက်သိုက်ထုတ်လုပ်ခြင်းဟူ၍ နှစ်မျိုးရှိကြောင်း ဝသားငှက်ထိမ်းသိမ်းရေးအဖွဲ့(WCS) မှ ငှက်သုတေသနနှင့် ထိမ်းသိမ်းရေးတာဝန်ခံ ဦးသက်ဇော်နိုင်က ဆိုသည်။
“ဘယ်လိုပဲထုတ်လုပ် ထုတ်လုပ်ပါ အဓိကကတော့ စည်းကမ်းစနစ်တကျနဲ့ ထုတ်ဖို့လိုပါတယ်။ ရလိုမှု တစ်ခုတည်းနဲ့ တွေ့သမျှအသိုက်တွေအကုန်လုံးကို ငှက်သိုက်ထုတ်တာမျိုး မလုပ်ဖို့လိုတယ်။ အသိုက်ရှိမှ ဒီငှက်လေးတွေ အဥ ဥနိုင်မယ်။ မဟုတ်ရင် အကုန်မျိုးတုန်းကုန်ပါလိမ့်မယ်”ဟု သူကပြောသည်။
ဇီဝဇိုးငှက်များမှာ ပျံလွှားမျိုးနွယ်စု စာရင်းတွင်ပါဝင်ပြီး လူများအတွက် အကျိုးပြုသည့် ငှက်သိုက် ထုတ်လုပ်နိုင်သည့် မျိုးစိတ်သုံးခုရှိကာ မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများတွင် ကျက်စားလေ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ငှက်သိုက်ထုတ်လုပ်ခြင်းလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီးတွင် အဓိက လုပ်ကိုင်နေလျှက်ရှိကြသည်။
လက်ရှိတွင် တစ်ပိုင်တစ်နိုင်သာ ထုတ်လုပ်နေသေးသည့်အတွက် သက်ဆိုင်ရာဌာဆိုင်ရာများမှ ခွင့်ပြုချက် ရယူထားခြင်း မရှိသေးသော်လည်း တရားဝင်ခွင့်ပြုချက်များ ရယူနိုင်ရန်အတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေါက်တာရတနာစည်က ဆိုသည်။
ရန်ကုန်မြို့တွင် ရွှေဆိုင်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဝင်းမြင့်က “သူတို့က အန်တီနဲ့သိတော့ လစဉ်ပဲ အားပေးဖြစ်ပါတယ်။ အရင်ကတော့ အခုလက်ရှိနာမည်ကြီးနေတဲ့ ငှက်သိုက်ပေါင်းရည်တွေကို ဝယ်သောက်လေ့ရှိပါတယ်။ ဒါပေမယ့် အခုဟာကကျတော့ ငှက်သိုက်အမျှင်လေးတွေပါ ပါတာကိုတွေ့ရတယ်။ ပြီးတော့ ပိုပြီးကောင်းသလိုလည်း ခံစားမိပါတယ်။ ဒီနှင်းတောင်ငှက်သိုက်မှာက ခေတ်မီစက်ကိရိယာတွေနဲ့ ထုတ်တာမဟုတ်သေးတော့ ကြာရှည်သိပ်မခံတာလေးတစ်ခုပါပဲ။ ရေခဲသေတ္တာနဲ့ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါလေးတစ်ခုပါပဲ” ဟု ပြောသည်။

ငှက်သိုက်ဆိုတာဘာလဲ ???
ငှက်သိုက်ဆိုသည်မှာ ဇီဝဇိုးငှက်အမည်ရှိ ငှက်ငယ်များ၏ အန်ဖက်ဖြင့် ဆောက်လုပ်ထားသည့် အသိုက်ဖြစ်သည်။ ဇီဝဇိုးငှက်ငယ်များမှ ရရှိသော ငှက်သိုက်သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး အဟာရဓာတ်များစွာပါရှိသည့်အတွက် မြန်မာနိုင်ငံတွင် ငှက်သိုက်ကို နာတာရှည် ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ အင်အားကုန်ခမ်းနေသူများကို ငှက်သိုက်ပေါင်း ကျွေးလေ့ရှိသည်။ ခေတ်မီနည်းဖြင့် သန့်စင်ထားသော ငှက်သိုက်ရည်ကို ဆေးဖက်ဝင် အခြားပစ္စည်းများနှင့် ပေါင်းစပ်ဖော်ထားသဖြင့် အဆုတ်ကို အားကောင်းစေပြီး ချောင်းဆိုး၊ အအေးမိနှင့် တုပ်ကွေး ရောဂါများကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း ဆေးပညာသုတေသနအရ သိရသည်။




