ချလူးအောင် | DMG
ဖေဖော်ဝါရီ ၁၂၊ ဘူးသီးတောင်
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် ဘူးသီးတောင်မြို့နယ်၊ စေတီတောင်စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ များပြားလာသောကြောင့် စားနပ်ရိက္ခာနှင့် ကယ်ရေးပစ္စည်းများ လိုအပ်ချက်ရှိနေသည်ဟု ရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ပြောသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စပါးထားကျေးရွာနှင့် ကွမ်းတောင်ကျေးရွာကြားတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ကွမ်းတောင်၊ ရေကောင်းချောင်း၊ ဆင်ခုန်းတိုင်၊ အုန်းချောင်း၊ စည်တောင် စသည့်ကျေးရွာများမှ လူဦးရေ (၁၆၀၀)ခန့် ထွက်ပြေးတိမ်းရှောင်လာသောကြောင့် အကူအညီလိုအပ်နေခြင်း ဖြစ်သည်။
- ဘူးသီးတောင်တိုက်ပွဲကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရ
- ရခိုင်မြို့နယ်(၃)ခုတွင် တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်မှုရှိ
“အရင်တုန်းက စခန်းမှာရှိတဲ့သူတွေအတွက် စားနပ်ရိက္ခာအခက်အခဲမရှိပေမယ့် အခုရောက်လာတဲ့သူတွေကျတော့ အဝတ်တစ်ထည် ကိုယ်တစ်လုံးနဲ့ ထွက်ပြေးလာကြတာဆိုတော့ စားနပ်ရိက္ခာကအစ လိုအပ်ချက်ရှိနေတယ်”ဟု ဦးကျော်သန်းက ပြောသည်။
ထိုသို့ ထွက်ပြေးတိမ်းရှောင်လာရသောကြောင့် ရွာတွင်ကျန်ရစ်ခဲ့သည့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမည်ကို စိုးရိမ်နေရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
စေတီတောင်စစ်ဘေးရှောင်စခန်းတွင် ယခင်က စစ်ဘေးရှောင်ဦးရေ ၁၈၅၆ ယောက်ရှိသည်။ တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိလာကာ စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေသည်။




