နေရောင်မင်း | DMG
ဇန်နဝါရီ ၃၀၊ စစ်တွေ
ဆိုင်ကယ်မတော်မဆမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသော ရခိုင်ယူနိုက်တက်အသင်း(RUFC) တောင်ပံကစားသမား ဇော်သိန်းဝင်းသည် ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့၊ နံနက် ၁၂ နာရီခွဲအချိန်က ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း အသင်းက ထုတ်ပြန်သည်။
အသက် ၂၃ နှစ်အရွယ်ကစားသမားသည် ဇန်နဝါရီလ ၂၆ ရက်နေ့၊ ညနေ ၁၀ နာရီခန့်က စစ်တွေပြည်ထောင်စုလမ်းတွင် မတော်တဆမှုဖြစ်ပွားခဲ့သဖြင့် ဦးခေါင်းခွံရိုးကျိုးဒဏ်ရာ၊ နားသွေးထွက်ဒဏ်ရာတို့ကြောင့် စစ်တွေဆေးရုံကြီး အမျိုးသားခွဲစိတ်ဆောင်တွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူခဲ့ရသည်။
ယင်းနောက် အထူးကြပ်မတ်ကုသမှုများ ပြုလုပ်ဆောင်ရွက်နိုင်ရန်အတွက် ဇန်နဝါရီလ ၃၀ ရက်၊ နေ့လယ် ၂ နာရီခွဲတွင် မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ကစားသမားကွယ်လွန်သွားသောကြောင့် မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ နှင့်အတူ အထူးပင် ဝမ်းနည်းကြေကွဲရကြောင်း အသင်းက ထုတ်ပြန်ထားသည်။




