ကျောက်တော်တွင် စက်လှေတစ်စီးပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်အတွင်းတွင် ယနေ့ (နိုဝင်ဘာလ ၁၇ ရက်)၊နံနက် ၁၀ နာရီခန့်က စားနပ်ရိ က္ခာများတင်ဆောင်လာသည့် စက်လှေတစ်စီး သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

By Admin 17 Nov 2022

ကျောက်တော်တွင် စက်လှေတစ်စီးပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ

DMG | နိုဝင်ဘာ ၁၇

ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်အတွင်းတွင် ယနေ့ (နိုဝင်ဘာလ ၁၇ ရက်)၊နံနက် ၁၀ နာရီခန့်က စားနပ်ရိ က္ခာများတင်ဆောင်လာသည့် စက်လှေတစ်စီး သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အဆိုပါစက်လှေမှာ ကျောက်တော်မြို့ စကခ ၉ ဖက်သို့ဦးတည်ချီတက်လာစဥ် သကြားစက်ရုံနှင့်ပီဝကျေးရွာ အကြားတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး စက်လှေပေါ်တွင် လိုက်ပါလာသည့် အမျိုးသားများမှာ ထိုသို့ဒဏ်ရာရ၊ သေဆုံးသွားခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။

" စက်လှေပေါ်မှာ ရိက္ခာတွေအပြည့်ပါတယ်လို့သိရတယ်။ တပ်နယ်မြေထဲသို့ မရောက်ခင် အပစ်ခံရတာ။ ဘယ်ဖက်က လှမ်းပစ်တာလဲတော့မသိဘူး။ တစ်ယောက်က စက်လှေပေါ်မှာ ပွဲချင်းပြီးသေပြီးတော့ နောက် နှစ်ယောက်က ဒဏ်ရာတွေနဲ့ ပီဝရွာကမ်းကို တက်ပြေးသွားတယ်လို့သိရတယ်" ဟု၄င်းကပြောသည်။

စက်လှေပေါ်၌ လိုက်ပါလာသူ ၃ ဦးအနက်သေဆုံးသွားသူမှာ ကျောက်တော်မြို့၊ ရှမ်းရွာအနီးရှိ ဒုံးရွာမှ ဖြစ်ပြီး ကျန်ဒဏ်ရာရရှိသူ ၂ ဦးမှာ မည်သူ၊ မည်ဝါဖြစ်ကြောင်း မသိရသေးဟု ဒေသခံများကပြောသည်။

" စက်လှေအပစ်ခံရတာကတော့ မှန်ပါတယ်။ ဒါပေမယ့် စက်လှေပေါ်မှာ ပါလာသူတွေကျတော့ ဘယ်ရွာ တွေက ဆိုတာ မသိရပါဘူး။ သေသွားတဲ့ တစ်ယောက်ကိုပဲ သိရတာပါ။ အခုလည်း သေဆုံးသူရဲ့ မိသားစုတွေကို အကြောင်း ကြားထားတယ်လို့သိရပါတယ်" ဟု၄င်းကပြောသည်။

ယခုပစ်ခတ်ခံရသည့် နေရာမှာ စကခ ၉နှင့် မိုင်ဝက်ခန့်သာဝေးပြီး စက်လှေပစ်ခတ်ခံရပြီးနောက် မြန်မာ စစ်တပ်က အနီးပတ်ဝန်းကျင်နေရာများသို့ ဒရုန်းများဖြင့်လာရောက်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ယခုပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းအား ဖုန်းဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြား ခြင်းမ ရှိခဲ့ပါ။

ယင်းအပြင် ရက္ခိုင့်တပ်တော် (AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကိုလည်း ဆက်သွယ်နေသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပါ။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ‌ဒေသခံ လေးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားသည်။

အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့ ကလည်း ကျောက်တော်မြို့နယ်၊ ရွှေပြည်သစ်ကျေးရွာသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံ ၇ ဦး ဒဏ်ရာရရှိသွားသည်။

ဗီဒီယိုများ