၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းရွာတွင် အခြေစိုက်ထားသည့် အမှတ် (၃၄၄) အမြောက်တပ်ရင်းဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်မြို့အဝင်တွင် စစ်ကောင်စီက ခံစစ်အဖြစ်ခုခံရန်အတွက် လက်နက်ကြီး၊ အင်အားဖြည့်တင်းကာ အထိုင်ချထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

By Admin 14 Jun 2025

စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - Myanmar Defence Weapons
စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - Myanmar Defence Weapons

DMG ၊ ဇွန် ၁၄

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းရွာတွင် အခြေစိုက်ထားသည့် အမှတ် (၃၄၄) အမြောက်တပ်ရင်းဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်မြို့အဝင်တွင် စစ်ကောင်စီက ခံစစ်အဖြစ်ခုခံရန်အတွက် လက်နက်ကြီး၊ အင်အားဖြည့်တင်းကာ အထိုင်ချထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

၃၄၄ အမြောက်တပ်ရင်းကို AA နှင့် ပူးပေါင်းတပ်များက ဇွန်လ ၁၀ ရက်မှ စ၍ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ပြီး ထိုတပ်ရင်းက လက်နက်ကြီးများကို ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်းသို့ ရွှေ့ပြောင်းကာ ယင်းမှ တစ်ဆင့် ရေကြည်မြို့အဝင်တွင် ခံစစ်ပြင်ဆင်နေခြင်းဖြစ်သည်။

"စစ်ကောင်စီက အမြောက်တပ်က လက်နက်ကြီးတွေနဲ့ ရေကြည်မြို့အဝင်မှာ ခံစစ်ပြင်နေတယ်။ အဓိက အမြောက်တပ် ကျသွားရင် ရေကြည်မြို့ပေါ်က ခုခံဖို့ ပြင်ဆင်နေတဲ့ သဘောပဲ။ လက်ရှိမှာလည်း ရေနံသာဘက်ကို တပ်ကူတွေပို့ပြီး ခံစစ်ပြင်နေတာရှိတယ်။ မြောက်စမ်း အမြောက်တပ်မှာတော့ ဒီနေ့ မနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်ထန်နေဆဲပဲ" ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

AA နှင့် ပူးပေါင်းတပ်တို့၏ ထိုးစစ်ကြောင့် ပြီးခဲ့သည့် ရက်ပိုင်းမှ စ၍ ၃၄၄ တပ်ရင်းက လက်နက်ခဲယမ်းများကို ကျုံပျော်ရှိ စစ်ကောင်စီက ခလရ (၃၆) သို့ ရွှေ့ပြောင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ ၃၄၄ တပ်ရင်းတွင် AA နှင့် ပူးပေါင်းတပ်တို့၏ ထိုးစစ်နှင့်အတူ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်း၊ စက်တပ်လေထီးများဖြင့်ပါ ခုခံတိုက်ခိုက်နေသည့်အပြင် ရေနံသာဂိတ်ကလည်း လက်နက်ကြီးပစ်ကူပေးလျက်ရှိသည်။

AA ပူးပေါင်းတပ်တို့ ထိုးစစ်နှင့်အတူ ၃၄၄ တပ်ရင်းက စစ်ကောင်စီတပ်သားအချို့ လက်နက်များဖြင့် ကစဉ့်ကလျားထွက်ပြေးမှု ရှိနေပြီး တော်လှန်ရေးအင်အားစုများက ဖမ်းဆီးရမိမှုများလည်းရှိနေကြောင်း သိရသည်။

တော်လှန်ရေးတပ်များအနေဖြင့် ၃၄၄ တပ်ရင်းကို သိမ်းပိုက်နိုင်ရေးအတွက် ရေနံသာဂိတ်ကိုပါ သိမ်းပိုက်ရန် လိုအပ်ပြီး ၃၄၄ တပ်ရင်းသိမ်းပိုက်နိုင်လျှင် ပုသိမ် - မုံရွာလမ်းပိုင်းကို ထိန်းချုပ်နိုင်မည်ဟု စစ်ရေးအကဲခတ်သူတို့က သုံးသပ်ကြသည်။

CDM ဗိုလ်ကြီး ဇင်ယော်က "ရေနံသာ လမ်းစုံဂိတ်ကို မစိုးမိုးနိုင်ဘဲတော့ အမှတ်(၃၄၄) အမြောက် တပ်ရင်းကို သိမ်းပိုက်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ လမ်းစုံမှာရှိတာက တပ်တစ်တပ် အဆင့်လောက်ကိုလည်း သိမ်းပိုက်နိုင်ဖို့ လိုတယ်။ အခုတိုက်ခိုက်နေတဲ့ အမြောက်တပ်ကိုလည်း သိမ်းပိုက်ခံရလို့ စစ်ကောင်စီအတွက် ဆုံးရှုံးမှု မကြီးမားပေမယ်လည်း စစ်ရေးအရ ဂုဏ်သိက္ခာကျတာပေါ့။ နောက် အဲဒီအမြောက် တပ်ကိုသာ သိမ်းပိုက်နိုင်ခဲ့ရင် ပုသိမ် - မုံရွာလမ်းကို ဖြတ်တောက်နိုင်တဲ့ အခြေအနေဖြစ်သွားမယ်" ဟု ပြောသည်။

အာရက္ခတပ်တော်သည် ပလက်ဝမြို့နှင့် ရခိုင် မြို့နယ် ၁၄ ခုကို သိမ်းပိုက်ပြီးနောက် ၂၀၂၅ ခုနှစ်ဆန်းပိုင်းတွင် ရခိုင်နှင့်အစပ် ဧရာဝတီဘက်သို့ စစ်ရေးဦးတည်ခဲ့သည်။

ထိုဒေသတွင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်ရေးဖော်ဆောင်မှုနှင့်အတူ ဘောမိ၊ ဗေဒ၊ မကျီဇင် အပါဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိ အခြေစိုက်တပ်ရင်းများကို ထိုးစစ်ဆင်လာခြင်းဖြစ်သည်။