ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာမှ ရွာသား ၉ ဦးထက်မနည်း ရက်စက်စွာသတ်ဖြတ်ခံရ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင် ယမန်နေ့(နိုဝင်ဘာလ ၁၀ ရက်) ညဉ့်အချိန်တွင် ရွာသား ၉ ဦးထက်မနည်း ရက်စက်စွာသတ်ဖြတ်ခံခဲ့ရပြီး နေအိမ် ၁၀ ဆောင်ခန့်မှာလည်း မီးရှို့ခံခဲ့ရကြောင်း သတင်းရရှိသည်။

By Admin 10 Nov 2022

ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာမှ ရွာသား ၉ ဦးထက်မနည်း ရက်စက်စွာသတ်ဖြတ်ခံရ

DMG ၊ နိုဝင်ဘာ ၁၁

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင် ယမန်နေ့(နိုဝင်ဘာလ ၁၀ ရက်) ညဉ့်အချိန်တွင် ရွာသား ၉ ဦးထက်မနည်း ရက်စက်စွာသတ်ဖြတ်ခံခဲ့ရပြီး နေအိမ် ၁၀ ဆောင်ခန့်မှာလည်း မီးရှို့ခံခဲ့ရကြောင်း သတင်းရရှိသည်။

ယမန်နေ့ ညနေပိုင်းတွင် ကျေးရွာအတွင်းသို့ဝင်ရောက်လာသော စစ်ကောင်စီတပ်သားများက အရပ်သားများကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဆင်အင်းကြီးကျေးရွာသားများက ပြောသည်။

အသတ်ခံရသူများမှာ ဆင်အင်းကြီးကျေးရွာမှ မောင်မောင်သိန်း(၄၁ နှစ်)၊ မောင်စံလှ(၃၈ နှစ်)၊ ဦးခင်မောင်(၅၅ နှစ်)၊ ဦးဇံ(၆၅ နှစ်)၊ မောင်ကျော်သိန်း(၆၅ နှစ်)၊ ဒေါ်မေနု(၅၀ နှစ်)၊ ဒေါ်မခင်သိန်းမိခင်(၉၂ နှစ်)၊ ရသေ့တောင်မြို့နယ်မှ ဆေးဆရာတစ်ဦး (၆၀ နှစ်)၊ ဦးမှဲ့နီ(၅၆ နှစ်)တို့ ဖြစ်ကြသည်။

ယမန်နေ့နံနက်ပိုင်းက စစ်ကောင်စီကားတစ်စီးကို ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြား အရောက်တွင် ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်မှုနှင့် လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဆင်အင်းကြီးကျေးရွာသားများမှာ ဘုန်းတော်ကြီးကျောင်းတွင် သွားရောက်ခိုလှုံနေကြကာ အချို့မှာလည်း အိမ်စောင့်အဖြစ် ကျန်ခဲ့ကြသည်။ ယင်းသို့ အိမ်စောင့်ကျန်ခဲ့သူများထဲမှ အချို့မှာ ယခုကဲ့သို့ သတ်ဖြတ်ခံခဲ့ရခြင်းလည်းဖြစ်သည်။

သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို လက်ရှိအချိန်ထိ ယူဆောင်နိုင်ခြင်းမရှိသေးဘဲ အသတ်ခံရသည့်နေရာများတွင် ရှိနေသေးကြောင်း အလောင်းများကိုသွားရောက်ကြည့်ရှုခဲ့သည့် ဆင်အင်းကြီးကျေးရွာသားတစ်ဦးကပြောသည်။

“ပုဏ္ဏားကျွန်းက နာရေးကားတွေကိုလည်း ခေါ်လို့မရဘူး။ လောလောဆယ်မှာ အလောင်းတွေကို ဘယ်သူမှ မယူရဲလို့ ဒီအတိုင်းပစ်ထားခဲ့ရတယ်။ လက်နက်ကြီးတွေနဲ့လည်း ထပ်ပစ်နေတော့ ဘယ်သူမှ ဝင်မယူရဲကြပါ။ အလောင်းကတော့ ၁၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ အိမ် ၁၀ လုံးလောက်ကိုလည်း မီးရှို့ခဲ့ကြတယ်"ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ဆင်အင်းကြီးကျေးရွာသားများ အသတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ တုန့်ပြန်ချက်ကို ရရှိနိုင်ရန် ဆက်သွယ်နေဆဲဖြစ်သည်။

ဗီဒီယိုများ