"AA ရဲ့ ကျောက်ဖြူကို သိမ်းမှုက တော်တော်ကြီးမားတဲ့ တော်လှန်ရေးဆူနာမီ ဖြစ်လိမ့်မယ်"

ချင်းညီနောင်အဖွဲ့(CB)သည် အချိန်တိုအတွင်း အောင်မြင်မှုရလာတာ ဘာကြောင့်လဲ။ CB ၏ မဟာမိတ်ဆက်ဆံရေးအခြေအနေ၊ ထိန်းချုပ်နယ်မြေတွေကို ဘယ်လိုစီမံအုပ်ချုပ်နေသလဲ။ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက် စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို DMG က သီးသန့်မေးမြန်းထားသည့် ဒုတိယပိုင်းကို တက်ဆက်လိုက်သည်။

By Admin 20 Jul 2025

"AA ရဲ့ ကျောက်ဖြူကို သိမ်းမှုက တော်တော်ကြီးမားတဲ့ တော်လှန်ရေးဆူနာမီ ဖြစ်လိမ့်မယ်"

DMG ၊ အင်တာဗျုး (ဒုတိယပိုင်း)

ယနေ့ခေတ် ချင်းတော်လှန်ရေးသမိုင်းတွင် လက်တွေ့လုပ်ပြနိုင်စွမ်းနှင့် အောင်မြင်မှုအရှိဆုံး အဖွဲ့အဖြစ် ချင်းညီနောင်(CB)အဖွဲ့ကို မှတ်ချက်ပြုကြသည်။ ချင်းပြည်နယ်အတွင်း မြို့နယ် ၉ ခုရှိရာတွင် ချင်းညီနောင်အဖွဲ့က မြို့နယ် ၄ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားသည်။

ချင်းညီနောင်ကို ၂၀၂၃ ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး CDF Mindat၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)၊ PDF Zoland၊ CDF Matupi၊ CDF Kanpetlet နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF တို့ ပါဝင်သည်။ အချိန်တစ်နှစ်ခွဲ ကာလအတွင်း စစ်ရေးအောင်မြင်မှုများ ရရှိခဲ့ပြီး ထိန်းချုပ်နယ်မြေလည်း ကျယ်ပြန်လာနေသည်။ အာရက္ခတပ်တော် (AA)နှင့်လည်း ခိုင်မာသည့် မဟာမိတ်ဆက်ဆံရေး ရှိနေသည်။

ချင်းညီနောင်အဖွဲ့(CB)သည် အချိန်တိုအတွင်း အောင်မြင်မှုရလာတာ ဘာကြောင့်လဲ။ CB ၏ မဟာမိတ်ဆက်ဆံရေးအခြေအနေ၊ ပလက်ဝအရေး၊ ထိန်းချုပ်နယ်မြေတွေကို ဘယ်လိုစီမံအုပ်ချုပ်နေသလဲ။ နောက်ထပ်စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက် စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို DMG က သီးသန့်မေးမြန်းထားသည့် ဒုတိယပိုင်းကို တက်ဆက်လိုက်သည်။

DMG - CB နဲ့ အိန္ဒိယ အစိုးရတို့အကြား အဆက်အသွယ်တွေရှိကြလား။ CB အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့၊ အခြားအဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးမူဝါဒကို သိချင်ပါတယ်။

အရှင်းဆုံးပြောရရင် ကျနော်တို့က အဲလောက်အဆင့်မရှိဘူး။ အောက်သက်ကျေကျေနဲ့ လုပ်ချင်တာပေါ့။ အဲလိုမျိုး ဆွေးနွေးကြတာ၊ ပြောဆိုကြတာတော့ ရှိတာပေါ့။ အဲလိုမျိုးတွေမှာ ကျနော်တို့က အောက်သက်ကျေပြီးမှ ပိုင်ပိုင်နိုင်နိုင်နဲ့ အောက်ခြေကနေတစ်ဆင့် တက်ချင်တာ။ဒါပေမယ့် ချင်းနိုင်ငံရေးမှာက စကားကိုလှအောင်ပြောမယ်။ စကားကြီး စကားကျယ်ပြောမယ်၊ ဟိုလိုလို ဒီလိုလို ဆိုတာထက်ပေါ့ အဲလိုမျိုးတွေကို သတိထားရပါတယ်။ ပြောဆိုဆွေးနွေးတာတွေတော့ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့မှာ မူဝါဒကြီးထားရလောက်အောင်လည်း သေချာလည်း မရှိသေးဘူး။

တကယ့် ပူးပေါင်းရတာမျိုး၊ ဒီထက်ပိုပြီးမှ ချိတ်ဆက်ရတာမျိုးမှာ ယေဘုယျ သဘောထားတွေတော့ ရှိပါတယ်။ ပြည်သူရဲ့အကျိုးစီးပွားကို ရှေးရှုတယ်။ တော်လှန်ရေး အောင်မြင်ဖို့ဆိုတာကို ရှေးရှုတယ်။ အပြန်အလှန် လေးစားတန်ဖိုးထားမှုတွေ အပေါ်မှာပဲ ကျနော်တို့သွားတယ်။ အဲလိုမျိုး ဆွေးနွေးတိုင်ပင်ကြတာတွေ အချိတ်အဆက်တွေတော့ အနည်းအကျဉ်း ရှိကြပါတယ်။

DMG - အာရက္ခတပ်တော်က သိမ်းပိုက်ထားတဲ့ ချင်းပြည်၊ ပလက်ဝအရေးနဲ့ပတ်သက်ပြီး ချင်းနဲ့ ရခိုင် လူမျိုးစုတွေကြား ဝေဖန်မှုတွေ မကြာခဏဆိုသလို ပေါ်နေတာတွေရှိတယ်။ ဒီဟာတွေက ဘာကြောင့် ပေါ်နေရတာလဲ။ ပလက်ဝအရေးအပေါ် CB အနေနဲ့ ဘယ်လိုမြင်လဲ။

ပလက်ဝအရေးနဲ့ပတ်သက်ပြီး အရင်ကတည်းက ကျနော်တို့ CB စပေါ်ကတည်းက CB ရဲ့ သဘောထားက ပလက်ဝမှာ လူမျိုးစုံရှိတယ်။ လူမျိုးစုံဆိုတာက ခူမီး၊ မရာ၊ ဒိုက်၊ ရခိုင် စတာတွေအမျိုးမျိုးပေါ့။ ဒီဒေသခံတွေ အကုန်လုံးရဲ့ အကျိုးစီးပွားကို ရှေးရှုတယ်။ ဒီဒေသခံတွေအကုန်လုံး တိုးတက်ရာတိုးတက်ကြောင်းတွေကို ရေရှည်မှာ ရှေးရှုတယ်။ လက်ရှိမှာတော့ စစ်ကောင်စီကင်းစင်အောင် အရင်လုပ်ရတယ်။ လက်ရှိ စစ်ကောင်စီကင်းစင်ပြီး အုပ်ချုပ်ရေးကို လည်ပတ်နေတယ်။

ဒီချင်းပြည်နယ်၊ ပလက်ဝကို နောက်နောက်ကျရင် ဒေသခံတွေအကုန်လုံးရဲ့ အကျိုးစီးပွားကို ရှေးရှုတဲ့၊ ခေါင်းဆောင်တွေ အကုန်လုံးက တိုင်ပင်ဆွေးနွေးပူးပေါင်းဖို့ ကျနော်တို့မှာ သွားစရာလမ်းက တစ်လမ်းပဲရှိတယ်။ ဒေသခံတွေအကုန်လုံးရော၊ ချင်းရော ရခိုင်ရော အပြန်အလှန်အကျိုးကျေးဇူးပြုခါမှ၊ အပြန်အလှန် လွတ်လွတ်လပ်လပ် တိုးတက်ကြီးပွားကြတဲ့ လမ်းတစ်လမ်းပဲရှိတယ်။ အဲဒါကို တိုင်ပင်ဆွေးနွေးပြီးမှ ဖြစ်အောင်သွားမှာပဲ။ အခုချိန်မှာကျတော့ ချင်းပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို မသိကြဘူး။ ချင်းပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းက ပြည်တွင်းမှာသော်လည်းကောင်း၊ EROA မှာသော်လည်းကောင်း၊ နိုင်ငံရေး ဖျာခင်းထားတယ်။ လက်ဦးမှုယူထားတယ်။ ပြီးတော့မှ သတင်းအမှားတွေလွှင့်ထားတယ် အဲလိုမျိုးလူတွေက ကြားသလောက် မြင်ရသလောက်ပဲ ယုံတာကိုး။

အခုချိန်ကျမှ CB နဲ့ CC အဲလိုဖြစ်လာတော့ CC ကို တိုက်ခိုက်လိုတာတစ်ခုတည်းနဲ့ပဲ CB ကို ချင်းအမျိုးသား သစ္စာဖောက်ပေါ့။ ပလက်ဝကိုရောင်းစားတဲ့သူ ဘာလိုလို ညာလိုလိုပေါ့နော်။ အဓိကတော့ လူမျိုးရေး အမုန်းပွားမှုတွေဖြစ်အောင် ထိုးဆွနေတာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်အောင် အဲလိုမျိုးထိုးဆွရင်းနဲ့ ကိုယ့်ကိုအားပေးမဲ့သူတွေ ကိုယ့်ကိုထောက်ခံမယ့်သူတွေ ပြည်ပမှာ အလှူခံလို့ကောင်းအောင် မြေနဲ့လူမျိုးကို ကာကွယ်တဲ့ ဆတ်ဆတ်ထိမခံတဲ့ပုံစံမျိုးကိုယူပြီးမှ အပေါစားနိုင်ငံရေးလို့ပဲ ကျနော်တို့မြင်ပါတယ်။

အဲဒါတွေကြောင့်လည်း ကျနော်တို့ ရခိုင်နဲ့ပလက်ဝနဲ့ပတ်သက်ရင် ရန်လိုတဲ့သူတွေများလို့ပေါ့နော်။ တကယ်တော့ ပလက်ဝရဲ့အခြေအနေကိုက စစ်ကောင်စီ ကင်းစင်အောင်လုပ်ရမယ်။ စစ်ကောင်စီ ကင်းစင်အောင်လုပ်ဖို့ကလည်း တော်တော်အရေးကြီးတယ်။ ပြီးတော့ ချင်းပြည်နယ်၊ ပလက်ဝဟာ အာရက္ခဒေသတစ်ခုလုံးအတွက် လုံခြုံရေး အကြီးအကျယ် ခြိမ်းခြောက်တဲ့နေရာဖြစ်တယ်။ တော်လှန်ရေးကာလမှာလည်း အကြီးအကျယ်ခြိမ်းခြောက်တယ်။ တော်လှန်ရေးအလွန်မှာလည်း အကြီးအကျယ် ခြိမ်းခြောက်တဲ့နေရာပဲ။ ပလက်ဝမှာရှိတဲ့ ချင်းလက်နက်ကိုင်တွေလည်းရှိတယ်။ သူတို့ရဲ့ အာရက္ခတပ်တော်အပေါ် အဘောထားတွေ အမြင်တွေ၊ ဆက်ဆံပုံတွေက အပြုသဘောမရှိဘူး။ အရမ်းရန်လိုတယ်။ အဲဒါတွေက နှစ်ဦးနှစ်ဖက်ကို ပြဿနာဖြစ်စေတယ်။

ပြီးတော့ အာရက္ခတပ်တော်အနေနဲ့လည်း ပလက်ဝဒေသကို သူ့ကိုရန်လိုတဲ့၊ သူ့ကိုအငြိုးထားတဲ့ သူ့ကို တစ်ဖက်သတ် မုန်းတီးတိုက်ခိုက်နေတဲ့ လူရဲ့လက်ထဲကို ပလက်ဝကို ပေးမှာတော့မဟုတ်ဘူး။ စကစပဲဖြစ်ဖြစ်၊ PDF ပဲဖြစ်ဖြစ်၊ KNU၊ KIA ဘယ်သူပဲဖြစ်ဖြစ် အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို အရင်ဆုံး ရှေးရှုကြတဲ့လူတွေပဲ။ အရှိတရားတွေကို လက်ခံပြီးမှ တော်လှန်ရေးအရှိတရား၊ မြေပြင်အရှိတရားတွေကို ပြန်ကြည့်ပြီးမှ ညှိညှိနှိုင်းနှိုင်းသွားရမယ်။ ပလက်ဝဒေသခံတွေ အကုန်လုံးပါဝင်တဲ့ အကုန်လုံး လွတ်လပ်ခွင့်ရအောင် သွားရမှာပဲ။ မစားရအမဲ သဲနဲ့ပတ်သလို ရန်တိုက်ပေးသလိုမျိုး၊ အပေါစားစကားလုံးတွေနဲ့ ထောက်ခံသူတွေ ရှာနေတာတွေက ပိုပြီးအမုန်းတရားပွားစေတယ်။

ရခိုင်သမိုင်းနဲ့ညှိရင် ရခိုင်ပိုင်တာပဲ။ ချင်းသမိုင်းနဲ့ညှိရင် ချင်းပိုင်တာပဲ။ တစ်ခါတလေကျတော့ သမိုင်းကိုပြန် သွားကြည့်မယ်ဆိုရင် ဘယ်ခုနှစ်နှစ်အထိ သွားယူမလဲပေါ့။ အဲဒီခုနှစ်မှာ တစ်ခြားတစ်ယောက်ပိုင်တာလည်း ဖြစ်ရင်ဖြစ်မယ်။ တစ်ခြားလူမနေတာလည်း ဖြစ်ရင်ဖြစ်မယ်ပေါ့။ ပစ္စုပန်နဲ့ အနာဂတ်ကိုမူတည်ပြီး တည်ငြိမ်အေးချမ်းရမယ်။ တိုးတက်သာယာဝဖြိုးရမယ်။ တော်လှန်ရေး အရှိတရားတွေ မြေပြင်က အရှိတရားတွေကို မူတည်ပြီးမှပဲ အပြန်အလှန် အကျိုးကျေးဇူးရှိတဲ့ဖက်ကို သွားဖို့ပေါ့နော်။ အပေါစား နိုင်ငံရေးလှည့်ကွက်တွေ ကြားထဲမှာ ရန်တိုက်ပေးတာ၊ အမုန်းပွားစေတာကို ရှောင်ရှားကြဖို့ပါပဲ။

DMG - CB ကို မဟာမိတ် ၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတာဆိုတော့ အနာဂတ်မှာရော့ ဘယ်လို့သွားဖို့ရှိမလဲ။ နောက်တစ်ခုက ချင်းတော်လှန်ရေး အခြားတပ်ဖွဲ့တွေရော ပူးပေါင်းလာတာရှိလား။ ဒီအတိုင်း ဆက်သွားဖို့ရှိလား။

ကျနော်တို့ရဲ့ ပထမရည်မှန်းချက်ကတော့ ခြောက်ဖွဲ့ကနေ တစ်ဖွဲ့ဖြစ်လာဖို့ပဲ။ ကျစ်လစ်ခိုင်မာတဲ့တပ်ဖွဲ့ ဖြစ်လာအောင် ချင်းခြောက်ဖွဲ့လုံးက တစ်ဖွဲ့ချင်းစီ ကြိုးစားအားထုတ်ဖို့ပေါ့။ အဲဒီခြောက်ဖွဲ့လုံးက ပူးပေါင်းစစ်ဆင်ရေးတွေ ပြုလုပ်ဖို့။ မတူပီ၊ မင်းတပ်တို့ ဖလမ်းစစ်ဆင်ရေးတွေမှာဆိုရင် CB ပေါင်းပြီးမှ လုပ်တာပဲ။ ဒါပေမယ့် နည်းနည်းပိုတိုးတက်အောင် ပိုကောင်းအောင်တော့ လိုသေးတယ်ပေါ့။ တစ်ဖွဲ့ချင်းစီ One connect ဖြစ်မယ်။

ပြီးတော့မှ အဖွဲ့တွေအချင်းချင်း ပူးပေါင်းမယ်။ နောက်ပိုင်းကျတော့ အတူပူးပေါင်းသွားမယ်။ ဒါကျနော်တို့ရဲ့ ရှေ့အနာဂတ် အစီအစဉ်ပဲ။ ပြီးတော့မှ ခြောက်ဖွဲ့မှာပါဝင်ချင်လာတဲ့ အဖွဲ့တွေရှိပါတယ်။ ဒါပေမယ့် ချင်းပြည်ရဲ့ သင်ခန်းစာအရ ဘယ်နှစ်ဖွဲ့ပါတယ်ဆိုတဲ့ အဖွဲ့အရေအတွက်လောက်နဲ့ ဂုဏ်ယူတာမျိုး၊ အဖွဲ့ဘယ်နှစ်ဖွဲ့ ပါတယ်ဆိုပြီး ပီတိဖြစ်တာမျိုး ကျနော်တို့မလိုချင်ဘူး။

အဲဒီအတွက်ကြောင့် ကျနော်တို့အနေနဲ့ ကိုယ့်အဖွဲ့ချင်းသော်လည်းကောင်း ပြင်ဆင်ဖို့လိုတယ်။ ပူးပေါင်းလာတဲ့ အဖွဲ့တွေကိုလည်း စိစစ်ဆွေးနွေးညှိနှိုင်းပြီးတော့ တကယ့်ပြည်သူကိုအကျိုးပြုတဲ့ ပြည်သူကိုလည်း တကယ်ကိုယ်စားပြုတဲ့၊ တော်လှန်ရေးကိုလည်း တကယ်လမ်းကြောင်းမှန်မှန်ကန်ကန်နဲ့ လက်တွေ့ကျကျ တော်လှန်တဲ့၊ အနာဂတ်မှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ တန်းတူညီမျှ တရားမျှတမှုတွေကို တကယ်အလေးထားမဲ့ အဖွဲ့နဲ့ပဲ ပြင်ဆင်သွားဖို့ရှိပါတယ်။ ဒါက တစ်ခြားအဖွဲ့မှမဟုတ်ဘူး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပါ။

DMG - နောက်တစ်ခုက ချင်းလဲန့်ကောင်းစီ (CC) နဲ့ ချင်းညီနောင် (CB) ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ (ICNCC)တို့ကြား သဘောတူပူးပေါင်းပြီး Chin National Council (ချင်းအမျိုးသားကောင်စီ)ဖွဲ့စည်းမယ်လို့ သတင်းထုတ်ပြန်ခဲ့တယ်။ အခုရော့ ပေါင်းစည်းမှု ဘယ်လောက်အတိုင်းအတာအထိ ရောက်နေကြပြီလဲ။

အဲလိုမျိုး တစ်ဖက်ကဘယ်နှစ်ဦး၊ တစ်ဖက်က ၂၇ ဦး တွဲမယ်ဘာညာပေါ့ အဲလိုမျိုးရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ ချင်းနိုင်ငံရေးမှာ အကုန်လုံးကတော့ လူကောင်းတွေပေါ့။ တအား ပေါင်းစည်းချင်ပါတယ်၊ အရမ်းစည်းလုံး ညီညွတ်ချင်ပါတယ်ဆိုတဲ့ အကုန်လုံးလူကောင်းတွေပဲ။ လူဆိုးတွေ၊ မကောင်းတဲ့လူတွေတော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် ဘယ်တော့မှ မပူးပေါင်းနိုင်ဘူး။ ဘာမှဖြစ်လာတာ မတွေ့ရဘူး။

ကျနော်တို့ရဲ့ ယုံကြည်မှုတည်ဆောက်ဖို့လိုတယ်၊ အပြန်အလှန် လေးစားဖို့လိုတယ်၊ ဘာလို့လဲဆိုတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်ဦးနဲ့တစ်ဦး မပြောဆို၊ မဆက်ဆံဖူးတဲ့ လူတွေတောင်မှပဲ တွေ့ဆုံကြတဲ့အခါ ယုံကြည်မှု တဖြည်းဖြည်း တည်ဆောက်ရတယ်။ တဖြည်းဖြည်းတည်ဆောက်ပြီးမှပဲ ယုံကြည်မှု ခိုင်မာလာတာနဲ့အမျှ ပိုပြီးသေချာလာတာနဲ့အမျှ ပူးပေါင်းမှုက တဖြည်းဖြည်းပိုများလာတော့ ပိုကြီးလာတယ်။ CC နဲ့ CB ဆိုရင် AA ထက်တောင်မှ ယုံကြည်မှု ပိုတည်ဆောက်ပြရမယ့် အခြေအနေလိုသေးတယ်။

ဘာလို့လဲဆိုတော့ ကျနော်တို့က အမျိုးမျိုး အလွဲသုံးစားလုပ်ခံရတာ၊ ယုံကြည်မှုတွေချိုးဖောက်ခံရတာ အဲလိုမျိုးတွေ တအားများခဲ့တော့ ပိုတောင်မှ ယုံတည်မှုတည်ဆောက်ဖို့ လိုသေးတယ်။ ယုံကြည်မှု တည်ဆောက်မှုလိုတာ၊ အချင်းချင်း အပြန်အလှန်လေးစားဖို့ လိုတယ်ဆိုတာ တစ်စိုက်မတ်မတ် ပြောနေတာကို ဂရုမစိုက်ဘဲ ပယ်ထားပြီးမှ ဘယ်လိုပေါင်းကြမလဲဆိုရင်တော့ နိုင်ငံရေးအရွေ့တစ်ခုကို လက်တွေ့မကျတဲ့ ချဉ်းကပ်မှုပုံစံတော့ ဖြစ်တာပေါ့။

ကျနော်တို့လည်း ပေါင်းစည်းချင်တဲ့ လူတွေ၊ တော်လှန်ရေးအရွေ့ ဖြစ်ချင်တဲ့လူတွေ၊ စည်းလုံးညီညွတ်ချင်တဲ့ လူတွေပါပဲ။ ဒါပေမယ့် ကျနော်တို့မှာက ယုံကြည်မှုတွေ၊ အပြန်အလှန်လေးစားမှုတွေကို ဖယ်ထားပြီးမှ ပေါင်းစည်းမယ်ဆိုတာက ဒီပေါင်းစည်းမှုက ICIC တုန်းကလည်း ပေါင်းစည်းခဲ့ပြီးပြီ။ CJDC တုန်းကလည်း ပေါင်းခဲ့ပြီးပြီ။ ပေါင်းပြီးမှ ဘာရလဒ်မှမရဘဲ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တာမျိုးလည်း ကြုံခဲ့ရပြီးတော့ နောက်တစ်ခါပေါင်းဖို့ကို အရင်တုန်းက ဒါတွေမရှိခဲ့လို့၊ ဒါတွေမလုပ်ခဲ့ဘူးဆိုရင်လည်း အရင်ကအမှားမျိုး ပြန်မကျူးလွန်ဖို့ အကြိမ်ကြိမ် ပြန်သတိပေးနေတာဖြစ်တယ်။ ပြည်သူတွေကလည်း မျှော်လင့်တယ်။

ချင်းပြည်သူတွေမှလည်း မဟုတ်ဘူး ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တော်တော်လေးဖြစ်သင့်တဲ့ကိစ္စပါ။ ချင်းပြည်နယ် တစ်ခုလုံးမှာမှ တစ်ပြည်နယ်လုံးလွတ်မြောက်ဖို့က ၂၆၉ နဲ့ ၂၆၅ တပ်ရင်းနှစ်ခုပဲ ကျန်တော့တာ။ အဲဒါတွေ ကျနော်တို့အနေနဲ့ ရှင်းရှင်းပြောရရင် ဖြစ်မြောက်အောင် တကယ်လုပ်ဖို့ စွမ်းဆောင်နိုင်တဲ့ အခြေအနေမှာရှိတယ်။

CC မပါဘဲနဲ့ CB ပဲ တာဝန်ယူရမယ်ဆိုရင်တောင်မှ CB တစ်ခုတည်းနဲ့တောင်မှ အသာလေးရတဲ့အခြေအနေ။ အသာလေးမဟုတ်တောင် ရုန်းကန်ကြိုးစားရမှာပေါ့။ ဒါပေမယ့်ဖြစ်နိုင်တယ်။ အဲလိုမျိုးအခြေအနေမှာ ပူးပေါင်းဖို့ စည်းလုံးဖို့ဆိုရင် ကောင်းတာပေါ့။ ဒါပေမယ့် နှောင့်နှေးစေတဲ့အကြောင်းအရာလည်း အများကြီးရှိသေးတယ်။ ဒီကြားထဲတော့ တွေ့ဆုံဆွေးနွေး စကားပြောနေကြတဲ့ အခြေအနေတော့ရှိပါတယ်။ ဘယ်လိုရလဒ်တွေ ထွက်လာမလဲ၊ ဘယ်လိုအရွေ့ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။

DMG - အနာဂတ် ချင်းပြည်တည်ဆောက်ဖို့ CB ရဲ့ နိုင်ငံရေးရည်းမှန်ချက်က ဘာတွေရှိလဲ။ ဥပမာ - ဖက်ဒရယ် မူဘောင်ထဲမှာ၊ ဘယ်အတိုင်းတာထိ ကိုယ်ပိုင်သီးခြား လွတ်လပ်ခွင့်ကို ရည်မှန်းချက်ထားလဲ။ CB မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဘယ်လိုမျိုးလဲ။

ကျနော်တို့အနေနဲ့ အကြမ်းဖျင်းပဲ ပြောလို့ရပါသေးတယ်။ ပြောချင်တာက ဖယ်ဒရယ်အနှစ်သာရ အပြည်ဝရှိရမယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှမှု တရားမျှတမှု အဲဒီအပေါ်မူတည်ပြီး သွားချင်တယ်။ တခါတလေကျတော့ ဖယ်ဒရယ်စကားလုံးချင်း တူသော်လည်း အနှစ်သာရကွဲတယ်။ နားလည်မှုကွဲတယ်။ ကျနော်တို့ အခုပြောတဲ့ ဖယ်ဒရယ်ဆိုတဲ့စကားလုံးကတော့ အကြမ်းဖျင်ကတော့ မြန်မာနိုင်ငံသည် ဖယ်ဒရယ်ပြည်ထောင်စုကြီး ဖြစ်လာရမယ်ပေါ့နော်။

အဲလိုမျိုး ဖြစ်လာတဲ့အခါကျရင် ဖယ်ဒရယ်ယူနစ်တွေ ဖယ်ဒရယ်ပြည်နယ်တွေ ရှိလာကြတဲ့အခါမှာ ကျနော်တို့လည်း ဒီပြည်ထောင်စုကြီးထဲမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဆက်ပါဖို့ပဲရှိတယ်။ ဆက်ပါဝင်သော်လည်း ကျနော်တို့မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ အပြည့်အဝရှိရမယ်။ ပြည်ထောင်စုကြီး တစ်ခုလုံးမှာလည်း တရာမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုဆိုတဲ့ အခြေခံမူတွေအပေါ် မူတည်ပြီး ပူးပေါင်းသွားမှာဖြစ်တယ်။

ကျနော်တို့အနေနဲ့က ကိုယ်ပိုင်သီးသန့် လွတ်လပ်ခွင့်ဆိုတာက ဖယ်ဒရယ်အနှစ်သာရ ပြည့်ဝတယ်ဆိုရင် သီးခြားလွတ်လပ်ခွင့်ဆိုတာ ပြောစရာမလိုတော့ဘူး။ အခုနာဂတို့၊ ဓနုတို့ ရနေကြတာပဲ။ ဒါပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသာပြောတယ်။ သူတို့က အနှစ်သာရမှ မရှိတာ။ နောက်ခါကျရင် ကျနော်တို့က အပေါ်ယံစကားလုံးတွေထက် တကယ်အနှစ်သာရပြည့်ဝတဲ့ နိုင်ငံရေးကိုပဲ သွားချင်တာ။ ကျနော်တို့က ဒီလိုမျိုး ၂၁ ရာစုထဲမှာ အပြန်အလှန်ပူးပေါင်းချိတ်ပြီး လုပ်မှရမှာ၊ လူမျိုးရေးကို အခြေခံပြီး လုပ်နေလို့မရဘူး။

တခါတလေ ကျလို့ရှိရှင် တိုင်းပြည်နဲ့ လူမျိုးဆိုပြီးကျတယ်။ ကျနော်တို့က တိုင်းပြည်နဲ့ နိုင်ငံသားအတွက် လုပ်ရမယ်။ ဘာဖြစ်လို့ဆိုတော့ CB ပဲဖြစ်ဖြစ်၊ မင်းတပ်ပဲဖြစ်ဖြစ် ကိုယ်နယ်မြေထဲမှာ ချင်းလူမျိုးတစ်ခုတည်းကိုပဲ အုပ်ချုပ်လို့မရဘူး။ ကျနော်တို့ဒေသထဲကို ဗမာဖြစ်ဖြစ်၊ ယောဖြစ်ဖြစ်၊ ရခိုင်ဖြစ်ဖြစ် လာကြမှာပဲ။ ကျနော်တို့ ချင်းတွေလည်း ကချင်ဖြစ်ဖြစ်၊ ယောဖြစ်ဖြစ်၊ ရခိုင်ဖြစ်ဖြစ် သွားကြမှာပဲ။ အဲလိုမျိုး အခြေအနေမျိုးတွေမှာ အခြေခံလူအခွင့်အရေးပေါ် အာမခံပေးတဲ့ မျှတတဲ့တရားစီရင်ရေး၊ လမ်းစဉ်တွေနဲ့ သွားကြရမှာဖြစ်တယ်။

ဖယ်ဒရယ်မှာလည်း ဖယ်ဒရယ်အနှစ်သာရ ပြည့်ဝရမယ်။ အဲလိုမျိုးဟာပဲ ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်။ သီးသန့်နိုင်ငံထောင်မယ်ဆိုတာမျိုး၊ ခွဲထွက်မယ်တို့ဆိုတာမျိုးက ကျွန်တော်တို့ရဲ့အခြေအနေနဲ့ ကျွန်တော်တို့ အတိုင်းအတာနဲ့ စိတ်ကူးမျိုး မရှိပါဘူး။

DMG - နောက်တစ်ခုကတော့ CNF/CAN နဲ့ CB ကြားမှာ မကြာခဏဆိုသလို ဆက်ဆံရေးတင်းမာတာ၊ အချင်းချင်း တိုက်ခိုက်တာတွေထိတောင် တွေ့ရတယ်။ ဒီပြဿနာတွေရဲ့ အရင်းခံဇစ်မြစ်က ဘာဖြစ်လဲ။ ထိရောက်တဲ့ ဖြေရှင်းနည်းတွေက ဘာတွေဖြစ်မလဲ။

ပြောရတာကတော့ ခက်တယ်။ ပြောလိုက်ရင်လည်း တဖက်သားကို မကောင်းလိုက်ပြောလိုက်သလို ဖြစ်သွားမှာလည်းစိုးတယ်။ ပြောရမယ့် ကောင်းကြောင်းကလည်း ပြောစရာတစ်ကွက်မှ မရှိဘူး။ ကျနော်တို့ ဒီကြားထဲမှာ CJDC တုန်းကရော့ အမှတ်-၁ စစ်ဆင်ရေး ဒေသတုန်းကရော့ တိုက်ပွဲတွေဖြစ်လို့ လက်နက်တွေ ဝယ်ချင်တာရော့၊ မဟာမိတ်လုပ်ချင်တာရော့ အကုန်လုံးမှာ မင်းတပ်အနေနဲ့သော်လည်းကောင်း၊ အဖွဲ့အနေနဲ့ သော်လည်းကောင်း ဖလမ်းအနေနဲ့ရော့၊ တီးတိန်းအနေနဲ့သော်လည်းကောင်း အဖွဲ့အင်အားနည်းအောင်၊ အဖွဲ့တွေအင်အားနည်းလာအောင် အမြဲတမ်း သွေးထိုးတာလှုံဆော်တာ၊ ဖြိုခွဲတာ၊ ရာထူးနဲ့မျှောတာ၊ ငွေနဲ့မျှောတာ၊ လက်နက်နဲ့မျှောတာ စတဲ့အဖွဲ့တွေ မကွဲ,ကွဲအောင် လုပ်တာတွေကို ကျနော်တို့ တောက်လျှောက် ရင်ဆိုင်လာကြရတယ်။

အဲဒီမျိုးတွေ ဖြတ်သန်းလာရတဲ့အတွက်ကြောင့် တစ်ဖက်နဲ့တစ်ဖက်ကြားမှာ ယုံကြည်မှုက လုံးဝမရှိဘူး။ ပြီးတော့မှ တော်လှန်ရေးမှာလည်း ကျနော်တို့က စစ်ကောင်စီကို လက်နက်နဲ့တော်လှန်ရမယ်၊ တိုက်ထုတ်ရမယ် ဒါဟာ လက်နက်ကိုင်တော်လှန်ရေး၊ စစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်ရမယ်ဆိုပြီးတွေးတယ်။ ကျနော်တို့ရဲ့ လွတ်လပ်ခွင့်ပဲပြောပြော၊ မွေးရာပါ လူအခွင့်အရေးပဲပြောပြော ဘာပဲပြောပြော အကုန်လုံးက စစ်ကောင်စီကို တိုက်ထုတ်ပြီးမှ ရလာမယ့်ဟာမျိုး စစ်ကောင်စီဟာ သံတမန်ဆက်ဆံရေးနဲ့ညှိနှိုင်းလို့ ရမယ့်အဖွဲ့မျိုးလို့ ကျနော်တို့မမြင်ဘူး။

တခါတလေကျတော့ သူတို့တွေ စိတ်ရှည်တာပဲပြောမလား၊ ရေရှည်ကို တွေးတောတာပဲပြောမလား၊ တခြားနိုင်ငံရေး နည်းလမ်းတွေနဲ့ ပါးလည့်နားလည့်သော်လည်း၊ ပြည်သူတွေကိုလည်း လည့်ကာပတ်ကာ ချော့တခါခြောက်တခါပေါ့ လုပ်တာတွေရှိတယ်။ အဲလိုမျိုးလုပ်လာတဲ့အခါ ပြည်သူတွေမှာလည်း မှိုင်းမိသလို ဖြစ်လာတာပေါ့၊ နိုင်ငံရေးမှာလည်း ရခိုင်နဲ့ပဲဖြစ်ဖြစ်၊ ဗမာနဲ့ပဲဖြစ်ဖြစ် လူမျိုးရေးစကားတွေ၊ လူမျိုးရေး မုန်းတီးစေချင်တာတွေ ဒေသတွင်း မတည်ငြိမ်အောင်ဖြစ်တာရှိနေပြီးသား။ အခက်ခဲတစ်ချို့ကို ပိုဆိုးလာအောင် ပိုပြီးပြဿနာကြီးထွားလာအောင် အဲလိုမျိုးတွေ လိုက်လုပ်လာတာက ကျနော်တို့အတွက်ရော၊ တော်လှန်ရေး အတွက်ရော၊ ဒေသတည်ငြိမ်အေးချမ်းမှုအတွက်ရော၊ အနာဂတ်အတွက်ပါ အများကြီး အနှောက်ယှက်ဖြစ်တယ်။

ဒီလိုအခြေအနေမျိုးတွေမှာ ကန်ပလက်မှာဆိုရင်လည်း ကန့်ပလက်က သူရဲ့နယ်မြေအတွင်းမှာ ကန့်ပလက် CDF မဟုတ်တဲ့ တခြားလက်နက်ကိုင်တွေ သွားမယ်ဆိုရင်လည်း အကြောင်းကြားစေချင်တယ်။ ခွင့်တောင်း စေချင်တယ်။ ဒါက ကြီးတာငယ်တာထက် သူ့နယ်မြေမှာသွားဖို့ဆိုရင် ပူးပေါင်းပေးရမယ်။ အကြောင်းကြားပေး ရမယ်ပေါ့။ ဒီလိုမဟုတ်ဘဲ CNA တပ်ဖွဲ့အချို့က သူ့ဟာနဲ့သူ သွားတယ် လာတယ်။ နာမည်က CNA ဆိုတော့ ချင်းပြည်တစ်ခုလုံး သူတို့သွားချင်သလို သွားလို့ရတယ်၊ လာချင်သလို လာလို့ရတယ် ချင်းပြည်တစ်ခုလုံး သူတို့ပိုင်တယ်ဆိုတဲ့ မူပိုင်စီးတဲ့ပုံစံလိုမျိုးတွေ၊ အချင်းချင်း မလေးစားတဲ့ပုံစံတွေ၊ အချင်းချင်း အသိမှတ်မပြုတဲ့ ပုံစံတွေနဲ့ ဖလမ်းမှာတစ်မျိုး၊ ကန့်ပက်လက်မှာတစ်မျိုး၊ တီးတိန်းမှာတစ်မျိုးပေါ့ နောက်ရှိပြီးသားအဖွဲ့တွေ ပြိုကွဲအောင်လုပ်တာ အဖွဲ့မှာ နည်းနည်းစကားများကြပြီဆိုတာနဲ့ အဲအဖွဲ့ကို သူတို့ဆီလာဖို့ ဖိတ်ခေါ်တယ်၊ ဆွတယ်၊ ရာထူးနဲ့ဖိတ်ခေါ်တယ် အဲလိုမျိုးတွေလုပ်တယ်။

ပြည်သူတွေကိုလည်း လမ်းတွေလုပ်ပေးမယ်၊ ဆေးရုံတွေ ဆောက်ပေးမယ်ဆိုပြီး နားလှည့်ပါးလှည့်နဲ့တစ်မျိုး၊ တစ်ချို့ မထောက်ခံတဲ့သူတွေဆိုလည်း လက်နက်နဲ့သော်လည်းကောင်း၊ ငွေနဲ့သော်လည်းကောင်း လိုင်းပေါ်မှာ တစ်မျိုး အဲလိုမျိုးပေါက်ကရတွေလုပ်နေတာ များလာတော့ ကျနော်တို့ မြေပြင်မှာလုပ်ရတာ အခက်အခဲတွေ ဖြစ်စေတယ်။ တော်လှန်ရေးမှာလည်း အခက်ခဲဖြစ်စေတယ်။ ချင်းပြည်သူ အတွက်လည်း အခက်ခဲဖြစ်စေတယ်။ ပြီးတော့ ချင်းမဟုတ်တဲ့ ယောဖြစ်ဖြစ်၊ ဗမာဖြစ်ဖြစ်၊ ရခိုင်ဖြစ်ဖြစ် အဲဒီလူတွေအတွက်လည်း အခက်အခဲတွေ ဖြစ်စေတယ်။

ကျနော်တို့အနေနဲ့က တစ်ဖက်သားကို မုန်းတီးပြီး တစ်ဖက်သားကို တိုက်ခိုက်ပြီးမှ ကိုယ်ကို တည်ဆောက်ရတာ မကြိုက်ဘူး။ ကိုယ့်ကိုတိုးတက်အောင်၊ ကိုယ့်ကို အင်အားရှိလာအောင်၊ ကိုယ့်ကိုစည်းကမ်းတကျ ရှိလာအောင်လုပ်ပြီးမှ ကျန်တဲ့အဖွဲ့တွေနဲ့ ရန်သူများတာ မကောင်းဘူး။ မိတ်ဆွေများတာပဲ ကောင်းတယ်။ တစ်ချို့သော အခက်ခဲတွေကိုလည်း စိတ်ရှည်ရှည်နဲ့ နှစ်ဦးနှစ်ဖက် ဘယ်လိုအကျိုးရှိအောင်လုပ်ကြမလဲ ဖြေရှင်းမလဲ၊ ဘယ်လိုပူးပေါင်းမလဲ၊ တော်လှန်ရေးအတွက် အင်အားရှိလာအောင် တော်လှန်ရေးအရွေ့ဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ ပြည်သူတွေအတွက်ရော့ ကျနော်တို့ ဘယ်လိုလုပ်နိုင်မလဲပေါ့ ကျနော်တို့က ပြည်သူလူထုအကျိုးစီးပွားနဲ့ ကျနော်တို့ရဲ့ မျော်လင့်ချက်၊ ယုံကြည်မှုတွေနဲ့ပဲ တည်ဆောက်ချင်တယ်။

DMG - ချင်းနဲ့ ရခိုင်က နယ်မြေချင်းထိစပ်နေတဲ့ ပြည်တွေဖြစ်ကြတယ်။ ရခိုင်မှာက ပြည်နယ်ရဲ့ ၉၀ နှုန်းကို AA က ထိန်းချုပ်ထားပြီးဆိုတော့ ရခိုင်ပြည်ရဲ့ လွတ်မြောက်မှုက ချင်းပြည်အတွက် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲ။ အနာဂတ်မှာရော ချင်းနဲ့ ရခိုင်ကြား ဘယ်လိုဆက်ဆံရေးမျိုး တည်ဆောက်သွားကြဖို့ရှိလဲ။

ရခိုင်ရဲ့ လွတ်မြောက်မှုက ချင်းပြည်လို့ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအတွက် တော်လှန်ရေးတစ်ခုလုံးအတွက် အင်မတန်ကြီးမားတဲ့ သက်ရောက်မှုဖြစ်မှာပါ။ တစ်နိုင်ငံလုံးအတွက်တောင် အလွန့်အလွန်ကြီးမားတဲ့ သက်ရောက်မှုဆိုတော့ နယ်မြေချင်းထိစပ်နေတဲ့ CB အတွက်ဆိုရင် ပြောစရာတောင် မလိုတော့ပါဘူး။ ဒါက ကျွန်တော်တို့ပြောတာ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ သံတမန်ရေးအရ၊ နောက်ဆိုစီးပွားရေးမှာမှ သယ်ယူပို့ဆောင်ရေးတို့ နောက်ဆုံးတော့စစ်ရေးနဲ့ဆိုင်တဲ့ လက်နက်ခဲယမ်း ပို့ဆောင်ရေးတွေအထိပေါ့ ရခိုင်သာ လုံးဝလွတ်မြောက်သွားမယ်ဆိုရင် အင်မတန်ကြီးမားတဲ့ သက်ရောက်မှုရှိမှာပဲ။

ပြီးတော့မှ ကျနော်တို့ CB အတွက်ဆိုရင်တော့ ပိုပြီးတော့သက်ရောက်မယ်။ ပြီးတော့ ဒေသတွင်းနိုင်ငံရေးပေါ့ အိန္ဒိယကလည်း ဒီထက်ပိုပြီးတော့မှ ထိတွေ့မှုလုပ်လာနိုင်တာပေါ့။ ဥပမာ - ကျနော်တို့ CB ထိန်းချုပ်မှုက တော်တော်လည်းကျယ်ပါတယ်။ ချင်းဆိုတာ သေးပါတယ်။ ငယ်ပါသေးတယ်။ အိန္ဒိယက နည်းနည်းပဲ ဆက်စပ်ရသေးတယ်ဆိုတော့ အိန္ဒိယကတောင် ကျနော်တို့ကို စကားပြောလာတယ်ပေါ့။ ဗဟိုအစိုးရက စကားပြောတာတွေ ချိတ်ဆက်တာတွေအထိ ရှိလာတာပေါ့။

ဒီလိုမျိုးအခြေအနေမှာ ရခိုင်တပြည်လုံးဆိုရင်တော့ ခုနားကပြောတဲ့ ကမ္ဘာလမ်းမကြီးနဲ့ပတ်သက်ပြီး ကုလားတန်စီမံကိန်းနဲ့ပတ်သတ်ပြီးတော့ ရေနံပိုက်လိုင်းနဲ့ပတ်သက်လို့ တရုတ်က လုံးဝဆက်ဆံမှုရှိလာနိုင်တယ်။ ကျနော်တို့ နားလည်ထားတာက တော်လှန်ရေး ဘယ်လိုအဆုံးသတ်မလဲဆိုတာ တရုတ်ကြီးအပေါ် အများကြီး မူတည်တယ်။ ကျနော်တို့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် လက်ခံရမယ့် အရှိတရားတစ်ခုဖြစ်တယ်။ သေချာတာက တရုတ်လက်မခံတဲ့သူ၊ တရုတ်နဲ့ မပူးပေါင်းတဲ့သူက အနိုင်ရတာမျိုး မရှိဘူး။ ရှင်းရှင်းပြောရရင် တရုတ်က လိုအပ်လာရင် ဒီထက်ပါဝင်ပတ်သက်မှုတွေ ရှိလာနိုင်တယ်။ သူရဲ့ အကျိုးစီးပွားကြည့်တာကိုး။

သူ့အကျိုးစီးပွားကိုကာကွယ်ဖို့ လိုအပ်တယ်လို့ ထင်ရင်ထင်သလောက် လိုအပ်ရင်လိုအပ်သလောက် ပါဝင်ပတ်သက်မှာပဲ။ ဒါကရှင်းရှင်းပြောရရင် သူ့အနေနဲ့ ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းလောက်တောင် သူပါဝင်ပတ်သက်မှု မရှိသေးဘူးလို့ထင်မယ်။ ဒါက စကစဖက်ရော၊ တော်လှန်ရေးဖက်ကိုပါ သူက မီးစတစ်ဖက်၊ ရေမုတ်တစ်ဖက် ပေးနေတာပဲ။ ဒါပေမယ့် သူ့အတွက်လိုအပ်တယ်လို့ထင်ရင် သူ့ကိုယ်ကျိုးစီးပွားအတွက် လိုအပ်တယ်လို့ထင်ရင် ဒီထက်မက ကြီးမားတဲ့ ပါဝင်ပတ်သက်မှုတွေ အများကြီးရှိလာမှာပဲ။ ဒါက နားဝင်မချိုတဲ့ အမှန်တရားပဲ။

ဒါကို ကျနော်တို့အနေနဲ့ ဘယ်လိုကိုင်တွယ်မလဲ။ ဘယ်လိုလုပ်ဆောင်နိုင်မလဲ ဆိုတဲ့အချိန်မှာ အာရက္ခတပ်တော် ရခိုင်တစ်ပြည်လုံးသိမ်းမှု၊ ပြီးတော့မှ ကျောက်ဖြူကိုသိမ်းမှုက တော်တော်ကြီးမားတဲ့ တော်လှန်ရေးဆူနာမီ ဖြစ်လာလိမ့်မယ်လို့ ကျနော်ထင်တယ်။ အဲဒါနဲ့ဆက်စပ်ပြီးမှ ကျွန်တော်တို့ ချင်းပြည်ပေါ့ အထူးသဖြင့် CB ဆိုရင် ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိတယ်။ ကျွန်တော်တို့ ကူညီနိုင်တာရှိတယ်။ သူတို့ ကူညီနိုင်တာရှိတယ်။

လက်နက်ကိုင်က ယာယီအဖြေပဲ။ လက်ရှိအချိန်မှာ လက်နက်ကိုင်တော်လှန်ရေးမို့ လက်နက်ကိုင်နေတာက အရေးပါဆုံး အဖြေဖြစ်နေတာ။ နောက်နောင်ကျရင် တည်ငြိမ်အေးချမ်းမှုနဲ့ တိုးတက်သာယာဝဖြိုးမှုကပဲ အဖြေဖြစ်လာပါလိမ့်မယ်။ ပြောချင်တာက စီးပွားရေးကပဲ အဖြေဖြစ်လာလိမ်မယ်။ အခုချိန်မှာသာ လက်နက်ကိုင်က အဖြေဖြစ်နေတာ ကျနော်တို့အတွက် လက်နက်ကိုင်ကလည်း အဖြေဖြစ်သလို စီးပွားရေးကလည်း အဖြေဖြစ်လာမှာပါ။

အဲလိုမျိုးအခြေအနေ လက်ရှိတော်လှန်ရေးကာလမှာ ရခိုင်အတွက် သေချာပေါက်ထွက်ပေါက်က ချင်းပြည်ဖြစ်တယ်။ ဥပမာ - မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာ စစ်ကောင်စီထိန်းချုပ်မှု များများကြီး ရှိနေသရွေ့ ရခိုင်အတွက် လုံးဝကို လွတ်လွတ်လပ်လပ်ဘေးကင်းရှင်းပြီး လုံလုံခြုံခြုံ ထွက်ပေါက်ဟာ ချင်းပြည်ပဲရှိတယ်။ ဆိုတော့ ရှေ့ဆက်ပြီးမှ တော်လှန်ရေးအတွက်ရော၊ နိုင်ငံရေးအတွက်ရော၊ စီးပွားရေး အတွက်ပါ အကုန်လုံး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ကြီးကြီးမားမားမှီခိုရမယ်။ တစ်ဦးနဲ့တစ်ဦး လက်တွဲလုပ်ဆောင်ကြရပါလိမ့်မယ်။

DMG - နောက်ဆုံးအနေနဲ့ ချင်းပြည်တော်လှန်ရေး အရွေ့နဲ့ပတ်သက်ပြီး CB ရဲ့ ရည်မှန်းချက်တွေကို ဖြည့်စွက်ပြီး ဘာများပြောချင်ပါသလဲ။

CB အနေနဲ့တော့ CB ထိန်းချုပ်တဲ့နယ်မြေတွေနဲ့ CC ရဲ့ ထိန်းချုပ်နယ်မြေတွေ အကုန်လုံးကို စစ်ကောင်စီ ကင်းစင်အောင်လုပ်ချင်တယ်။ စစ်ရေးမှာတော့ CB အခု ၆ ဖွဲ့ရှိတယ်။ တစ်ဖွဲ့ချင်းဆီကို ကျနော်တို့က တစ်မိန့်တစ်သံတည်းဖြစ်အောင် စနစ်တကျဖြစ်အောင် ကြိုးစားတည်ဆောက်နေကြတယ်။ CB တစ်ဖွဲ့ချင်းဆီက One Command ဖြစ်လာရင် Join Command ဖြစ်လာပြီးတော့ စစ်ရေးဖော်ဆောင်မှုတွေ ရှိလာနိုင်တယ်။ အဲဒီ Join Command အဆင်ပြေလာလို့ရှိရင် ကျွန်တော်တို့ One Army ဖြစ်ပြီးတော့ အခြေခံစစ်သင်းတန်းကစပြီး ၆ ဖွဲ့လုံးက တက်ပြီးတော့ အဲဒီလိုထွက်လာကြဖို့ ဦးတည်ထားတာရှိတယ်။ နိုင်ငံရေးအရတော့ ညီနောင်ရဲ့ ထိန်းချုပ်နိုင်မှုအပိုင်းက အကုန်လွတ်မြောက်ရမယ်။

ညီနောင်နဲ့ထိစပ်နေတဲ့ မကွေး၊ စစ်ကိုင်း ဘယ်လိုဖြစ်မလဲ၊ တော်လှန်ရေး သူတို့ဘယ်လိုဖော်ဆောင်နိုင်မလဲ၊ ကျွန်တော်တို့ ဘယ်လိုပူးပေါင်းနိုင်မလဲ၊ နောက်ဟားခါး၊ ထန်တလန်အပိုင်းရော စဉ်းစားမှုတွေရှိတယ်။ ဥပမာ-ချင်းပြည်မှာဆိုရင် ကျနော်တို့ CB ထိန်းချုပ်နိုင်မှု အပိုင်းက ပိုပြီးကျယ်တယ်။ ပလက်ဝမြို့နယ်ကတော့ တစ်ပိုင်းပေါ့။ ပြီးမှ မတူပီ၊ ကန့်ပက်လက်၊ မင်းတပ်၊ ဖလမ်း၊ တီးတိန် အချို့ဆိုရင် ကျနော်တို့ပဲ စိုးမိုးထိန်းချုပ်ထားတယ်။ ကျန်တဲ့ တွန်းဇံမြို့ဆိုရင် စစ်ကောင်စီ မရှိတော့ဘူး။ ဟားခါး ထန်တလန်ဆိုရင် နည်းနည်းလေးပဲ။ ဟားခါးနဲ့ ထန်တလန်ကို ဘယ်လိုမျိုး လွတ်မြောက်အောင်လုပ်မလဲဆိုတာကတော့ စောစောက တိုင်ပင်သလို ညှိနှိုင်းတိုင်ပင်တာတွေ ရှိမယ်။

ချင်းပြည်လွတ်မြောက်မှု၊ ချင်းပြည်နဲ့ဆက်စပ်တဲ့ တခြားပြည်နယ်တွေ လွတ်မြောက်မှုကပဲ ထိုးစစ်တွေ ဘယ်လိုဖြစ်လာမလဲ။ နွေဦးတော်လှန်ရေးအရွေ့ ဘယ်လိုဖြစ်လာမလဲ၊ စစ်အာဏာရှင်ပြုတ်ကျမှု ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ ကျနော်တို့ သွားကြည့်ရမှာဖြစ်ပါတယ်။

ပြီးတော့မှပဲ နိုင်ငံရေးအရ ဖယ်ဒရယ်ပြည်ထောင်စုမှာ ကျနော်တို့ ဘယ်လိုဆက်ပါဝင်မလဲ ကျနော်တို့ရဲ့ အခြေခံစံတန်ဖိုးတွေ၊ CB ရဲ့ စံတန်ဖိုးတွေရှိမလဲ အဲဒီလို ဖယ်ဒရယ်အနှစ်သာရပြည့်ဝတဲ့ ဒေသအနေနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီးမှာ ဘယ်လိုပါဝင်ကြမလဲဆိုတာ မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးအပေါ်မှာ အများကြီးပြောင်းလဲမှု ရှိလာနိုင်တယ်။ ဥပမာ - ကော်သူလေတို့၊ တအာင်းပြည်တို့ အများကြီးပေါ်လာပြီးတော့ ဖယ်ဒရယ်ယူနစ်တွေလည်း အများကြီးပေါ်လာအုန်းမှာပဲ။ ဒီကြားထဲမှာ ကျနော်တို့ အမြော်အမြင်ကြီးမှုနဲ့ စဉ်းစားရပါမယ်။ CB ရယ်၊ ချင်းပြည်ရယ်၊ ချင်းပြည်နဲ့ထိစပ်တဲ့ ပြည်တွေရယ်နဲ့ ဒွန်တွဲပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဘယ်လိုသွားမလဲဆိုတာကို စဉ်းစားမှုတွေ ရှိနေပါတယ်။

DMG - အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ဟုတ်ကဲ့ ကျနော်ကလည် အခုလိုမျိုး DMG သတင်းဌာနနဲ့ အင်တာဗျူးဖြေကြားခွင့်ရရှိတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။