သတင်းမီဒီယာဆိုသည်မှာ သတင်းရှာဖွေခြင်း၊ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ သတင်းအချက်လက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဖြန့်ချီခြင်း စသည်တို့ကို စာ၊ အသံ၊ အရုပ်၊ ရုပ်သံ၊ ကိန်းဂဏန်းအချက်အလက်၊ ရုပ်ပုံဒီဇိုင်း စသည့် အသွင်သဏ္ဍန်များအသုံးပြုကာ၊ ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့်မီဒီယာ၊ အယ်ဒီတာ တာဝန်ယူမှုရှိသော အင်တာနက် မီဒီယာ သို့မဟုတ် အခြားနည်းလမ်းများဖြင့် လုပ်ကိုင်သည့် အများပြည်သူဆိုင်ရာ ပြန်ကြားဆက်သွယ်ရေး လုပ်ငန်းများကို ဆိုလိုသည်။

“သတင်းမီဒီယာသမား ဆိုသည်မှာ သတင်းမီဒီယာနှင့် စပ်လျဉ်းသော လုပ်ငန်းတစ်ရပ်ရပ် လုပ်ကိုင်သူကို ဆိုလိုသည်” ဟု သတင်းမီဒီယာနှင့် သတင်းသမားကို သီးခြားစီ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ယင်းအပြင် သတင်းထောက် ဆိုသည်မှာ သတင်းအချက်အလက်များ ရှာဖွေရယူ၍ သတင်းမီဒီယာတစ်ခုခုသို့ ပေးပို့သူကို ဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

မြန်မာနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့်နှင့် သတင်းထောက်တို့၏ လွတ်လပ်ခွင့်သည် ကိုလိုနီခေတ်မှစပြီး လွတ်လပ်သည်ဟု မဆိုသာခဲ့ပေ။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း ပြည်တွင်းပြဿနာများ၊ တိုင်းရင်းသားလက်နက်ကိုင် ပြဿနာများအရေးအပြင် စစ်အာဏာရှင်စနစ်၏ အုပ်စိုးမှုအောက်တွင် မီဒီယာလွတ်လပ်ခွင့် ဆိတ်သုန်းခဲ့ရပြန်သည်။ သို့သော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ ပေါ်ပေါက်လာသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်နောက်ပိုင်း ပြည်တွင်းရှိ သတင်းမီဒီယာများအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ရရှိရေးကို မျှော်လင့်ခဲ့ရပြန်သည်။

ဒီမိုကရေစီခေတ်ဦးတွင် သတင်းမီဒီယာများ၊ သတင်းမီဒီယာသမားများ၊ သတင်းထောက်များအတွက် ဥပဒေ၊ နည်းဥပဒေများအပြင် သတင်းမီဒီယာကျင့်ဝတ်တို့ ဆိုသည်မှာလည်း ပေါ်ပေါက်လာခဲ့သည်။ ယခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရလက်ထက်တွင် သတင်းမီဒီယာများအနေဖြင့် လွတ်လပ်စွာဖော်ထုတ်ရေးသားခွင့်ကို ယခင်အစိုးရထက် ပိုမိုရရှိမည်ဟု မျှော်လင့်ခဲ့ကြပြန်သည်။ သို့သော် အထင်နှင့်အမြင် လွှဲခဲ့ရသည်။ အသံ(လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့) အဖွဲ့၏ ထုတ်ပြန်ချက်အရ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ထိ သတင်းမီဒီယာသမားများအပေါ် တရားစွဲဆိုထားသော အမှုပေါင်း ၃၁ မှုရှိပြီး သတင်းသမား ၄၇ ဦးအထိ တရားရင်ဆိုင်နေရသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများနှင့်ပတ်သက်ပြီး ဧရာဝတီ၊ RFA ၊DMG စသည့် သတင်းဌာနများမှ တာဝန်ရှိသူအချို့ကို တရားစွဲထားသည်။ သတင်းမီဒီယာသမားများကို စွဲဆိုထားသည့် အမှုများတွင် သတင်းမီဒီယာဥပဒေဖြင့် စွဲဆိုသည့်အမှု အလွန်နည်းပါးနေပြီး တခြားတခြားသော ဥပဒေများဖြင့် စွဲဆိုသည့်အမှုက များသည်။ အထူးသဖြင့် တချို့သော ဥပေဒများသည် ခေတ်နောက်ပြန်ဆွဲပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည့်အတွက် ယင်းဥပဒေများကို ပယ်ဖျက်ရန် တောင်းဆိုမှုများရှိသော်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ရှေ့တန်းတင်လာခဲ့သော အရပ်သားအစိုးရသည်ပင်လျှင် ပယ်ဖျက်ခြင်း မရှိသည့်အပြင် ၄င်းဥပဒေများနှင့်ပါ တရားစွဲဆို ဖမ်းဆီးထောင်ချမှုများ ရှိနေဆဲမှာ ဝမ်းနည်းစရာကောင်းလှသည်။

လူထုအားပေးထောက်ခံမှုကြောင့် အစိုးရဖြစ်လာသည့် NLD အစိုးရသည် ခေတ်နောက်ဆွဲနေသည့် ဒီမိုကရေစီမဆန်သော ဥပဒေတချို့ကို မပယ်ဖျက်နိုင်သေးသရွေ့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရှင်သန်ရေးမှာလည်း ခက်ခဲနေမည်ပင်ဖြစ်သည်။ အထူးသဖြင့် စတုတ္ထမဏ္ဍိုင်ဟုခေါ်သော သတင်းမီဒီယာများနှင့် သတင်းမီဒီယာသမားများအပေါ် အစိုးရမှထားရှိသော သဘောထားများ မပြောင်းလဲဘဲ ယခုလို ရှေ့ဆက်သွားမည်ဆိုလျှင် လွတ်လပ်စွာဖော်ထုတ်ရေးသားခွင့်မှာလည်း ပျောက်ဆုံးနေဦးမည်ပင်ဖြစ်သည်။

မဏ္ဍိုင်ကြီး ၄ ရပ် အပြန်အလှန် ထိန်းကျောင်းနိုင်ရေးအတွက် ပြည်သူ့အစိုးရ၏ သဘောထားမပြောင်းလဲလျှင် ပြည်စောင့်မဏ္ဍိုင်ကြီးဖြစ်သော သတင်းမီဒီယာများ၊ သတင်းမီဒီယာသမားများ၏ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်မှာ ပျောက်ဆုံးနေမည်ဖြစ်ပြီး ပြည်သူလူထု၏ မျက်စိနှင့်နားကို ပိတ်ပင်ထားသလို ဖြစ်နေပေလိမ့်မည်။

Author: DMG