မှတ်ကြီးသား (ဥပဒေ) ရေးသားသည်

ဇူလိုင်လ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။   ။   ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ကစလိုနှစ်စဉ်နှစ်တိုင်းကျင်းပနေကျ ရခိုင်ဘုရင့် နိုင်ငံတော်ကျဆုံးခြင်း ၀မ်းနည်းအောက်မေ့ဖွယ် အခမ်းအနားမှစပြီး ရခိုင်ပြည်နယ်အတွင်း အခမ်းအနားတွေ ပြုလုပ်နေတာ၊ ဆွေးနွေးပွဲတွေပြုလုပ်တဲ့အခါ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလည့်လည်ခြင်း ဆိုင်ရာဥပဒေအရ ခွင့်ပြုမိန့်တင်ပြီး လုပ်ဆောင်နေကြရတာကို တွေမြင်လာရပါတယ်။ အချုပ်အခြာအာဏာ ကျဆုံးခြင်း ၀မ်းနည်းအောက်မေ့ဖွယ် အခမ်းအနားမှာ ငြိမ်း/စု/စီနဲ့ တင်ခိုင်လို့ မြောက်ဦးမြို့မှာ ဒေသခံပြည်သူနဲ့ ဒေသခံအာဏာပိုင်တွေ နားလည်မှုလွဲမှားရာကနေ မကျေနပ်လို့ နောက်ဆက်တွဲ ဆန္ဒဖော်ထုတ်တဲ့ လူငယ် (၇) ဦး အသက်ပေးခဲ့ရသလို (၁၂) ဦး ဒါဏ်ရာရရှိခဲ့တယ်ဆိုတာ အားလုံးအသိပါ။

အခုဖြစ်စဉ်မှာလည်း အမ်းမြို့နယ်မှာ ကျင်းပပြုလုပ်တဲ့ဒေသခံတောင်သူလယ်သမားများ မြေယာနှင့် သံယံဇာတဆွေးနွေးပွဲတစ်ခုကိုလည်း ငြိမ်း/စု/စီ ခွင့်ပြုမိန့်ကိစ္စနဲ့ ဆွေးနွေးပွဲ ပြုလုပ်နေတာကို ရပ်တန့်လိုက်ရ တယ်ဆိုတာ တွေမြင်နိုင်ပါတယ်။ လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် ဒေသခံအာဏာပိုင်တွေရော၊ လူထုပါ မိမိတို့ ပြုလုပ်တဲ့ ရည်ရွယ်ချက်နဲ့ လူစုလူဝေးလုပ်တာဟာ ဘာအတွက်လဲ၊ ဘယ်ဥပဒေအရ တင်ရမလဲဆိုတာနဲ့ ဒေသခံအာဏာပိုင်တွေ အနေနဲ့လည်း ဘယ်ဥပဒေအရ ခွင့်ပြုရမယ့်ဆိုတဲ့ကိစ္စကို မကွဲဘူးလို့ ယူဆရမလို ဖြစ်နေပါတယ်။ တကယ်ကို မဖြစ်သင့်တဲ့ ကိစ္စလို့လည်း တွေးမိပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူစုလူဝေးနဲ့ပတ်သတ်လို့ ယခင်ကဆိုလျှင် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ(၅-ည)၊ ၁၉၀၇ ခုနှစ် ကျေးရွာအက်ဥပဒေတွေ ရှိခဲ့ပါတယ်။ အခုဆိုရင် ဖော်ပြပါ ဥပဒေနှစ်ခုကို ဖျက်သိမ်းလိုက်ပြီး ၂၀၁၂ ခုနှစ်မှာ ပြဋ္ဌာန်းတဲ့ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနဲ့ ၂၀၁၄ ခုနှစ်ကပြဋ္ဌာန်းတဲ့ ဥပဒေတွေက လက်ရှိမှာတည်ဆဲဖြစ်ပါတယ်။

လေ့လာကြည့်မယ်ဆိုရင် ၂၀၁၂ ခုနှစ် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို လေ့လာ ကြည့်မယ်ဆိုရင် အခန်း(၉) ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအတွင်း နေထိုင်သူများ၏ တာဝန်ဝတ္တရားများ ပုဒ်မ (၂၁) မှာ အခမ်းအနားတွေ ပွဲတွေလုပ်မယ်ဆိုရင် သက်ဆိုင်ရာတာဝန်ရှိသူထံမှ ခွင့်ပြုမိန့်ရယူရမယ့်အပြင် သတ်မှတ်ပေးထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာရမယ်လို့ ပြဋ္ဌာန်းထားတာ တွေရမှာ ဖြစ်ပါတယ်။

အခန်း(၇) ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတာဝန်များ ပုဒ်မ(စ)မှာတော့ အစိုးရအဖွဲက လုပ်တဲ့ အခမ်းအနားတွေနဲ့ ပွဲတွေကလွဲရင် အများပြည်သူက အခမ်းအနားတွေ၊ ပွဲတွေလုပ်ရင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေက မြို့နယ်အုပ်ချုပ်ရေးမှူးထံ သဘောထားမှတ်ချက် တင်ပြတောင်းခံခြင်း၊ ကျင်းပခွင့်မပေးပဲလုပ်ရင် အရေးယူရန်တင်ပြရမယ်လို့ ပြဋ္ဌာန်းထားခဲ့ပါတယ်။ ဆိုလိုတာက ရပ်ကွက်တွေ ကျေးရွာတွေမှာ အခမ်းအနားတွေ ပွဲတွေကျင်းပရင် အုပ်ချုပ်ရေးမှူးထံ ခွင့်တောင်းရမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူး သဘောထားမှတ်ချက် (ခွင့်ပြုချက်)ကို တောင်းခံရမှာဖြစ်ပါတယ်။ ခွင့်ပြုချက်ရရင် ကျင်းပခွင့်ရပြီး ခွင့်ပြုချက်မရရင် ကျင်းပလို့မရပါဘူး။ ခွင့်ပြုချက်မရှိဲ ကျင်းပမယ်ဆိုရင် အခန်း (၁၁) ပြစ်မှုနဲ့ ပြစ်ဒါဏ်များ ပုဒ်မ(၂၆)အရ (၆)လထက်မပိုသော ထောင်ဒါဏ်ဖြစ်စေ၊ ငွေကျပ် (၅)သောင်းထက် မပိုသော ငွေဒါဏ်ဖြစ်စေ၊ ဒါဏ်နှစ်ရပ်လုံးကိုဖြစ်စေ သက်ဆိုင်ရာတရားရုံးက ချမှတ်ရမယ့်လို့ လေ့လာတွေရှိရပါတယ်။ ဒီလိုပြဋ္ဌာန်းထားရာကနေ ၂၀၁၆ ခုနှစ်မှာ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်ချက်မှာတော့ ပြည်သူလူထုကကျင်းပတဲ့ အခမ်းအနားနဲ့ ပွဲတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ အသိပေးတင်ပြပြီး တာဝန်ယူ၊ တာဝန်ခံ ကျင်းပရမယ်လို့ ပြင်ဆင်လိုက်တာ တွေရမှာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၆ မှာ ဥပဒေပြင်ဆင်ပြီး နောက်ပိုင်း အခမ်းအနားနဲ့ ပွဲတွေကျင်းပမယ်ဆိုရင် ခွင့်ပြုချက်တောင်းလာတဲ့အပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ထပ်ဆင့် ခွင့်ပြုချက်တောင်းစရာမလိုတော့ပဲ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးလုပ်တဲ့သူတွေက တာဝန်ယူမှု တာဝန်ခံမှုနဲ့ ကျင်းပခွင့်ပေးရင် ရသွားပါပြီ။

ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာက အခုတည်ဆဲဥပဒေအရဆိုရင် ပြည်သူက တိုက်ရိုက် ရွေးကောက်တင်မြောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုတာက ဥပဒေအရခန့်အပ်ထားတဲ့ အစိုးရ၀န်ထမ်းတွေပါ။ ကျရာအရပ်မှာ ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင် ကြရသူတွေဆိုလည်း မှားမယ်မထင်ပါဘူး။ အခန်းအနားတွေ၊ ပွဲတွေကျင်းပတယ်ဆိုတာကလည်း သက်ဆိုင်ရာ နယ်မြေဒေသမှာရှိတဲ့ လူမှုအ၀န်းအ၀ိုင်းက လိုအပ်ချက်နဲ့အညီ လုပ်ကြတာပါ။ ဓလေ့ထုံးတမ်းအရလည်း ဖြစ်ချင်ဖြစ်မယ်။ ဒေသလိုအပ်ချက်အရလည်း ဖြစ်ချင်ဖြစ်မယ်။ ၂၀၁၆ ဥပဒေပြင်ဆင်ချက်အရ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးကို တာဝန်ယူမှု တာဝန်ခံမှုခိုင်းတာဟာ သူက သက်ဆိုင်ရာဒေသမှာ ဥပဒေနဲ့အညီ နေထိုင်သူဖြစ်သလို ဒေသအခြေအနေတွေနဲ့ လိုအပ်ချက်တွေ ရင်းနှီးမှုတွေက သူ့မှာရှိနေပါတယ်။ သက်ဆိုင်ရာဒေသက ပွဲကျင်းပသူနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရင် အဆင်ပြေပါတယ်။ ဒါကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံက ခွင့်ပြုချက်စောင့်ဖို့မလိဲု ကျင်းပခွင့်ပေးတာဟာ သင့်မြတ်လျှော်ကန်တယ်လို့ ယူဆနိုင်ပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ အခမ်းအနားတွေ၊ ပွဲတွေကျင်းပမယ်ဆိုရင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးထံ ခွင့်တောင်းတာမျိုးမဟုတ်ဲ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှာ သွားခွင့်တောင်းကြတာ တွေရတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကလည်း သူနဲ့မဆိုင်ပါဘူးရဲစခန်းကိုသွားခိုင်းတာတွေဖြစ်နေတာ တွေရတယ်။ ဆိုင်ရာရဲစခန်းသွားတော့ မြို့နယ်ရဲတပ်ဖွဲမှူးရဲ့ လုပ်ပိုင်ခွင့်က ငြိမ်း/စု/စီနဲ့ပဲ ဆိုင်တော့ ပြဿနာက စတတ်တော့တာပဲ။

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလည့်လည်ခြင်းဆိုင်ရာ ဥပဒေဆိုတာကတော့ အစိုးရနဲ့ ပြည်သူကြားကို ဆက်သွယ်ပေးတဲ့ အရာတစ်ခုဖြစ်ရင် မှားမယ်မထင်ပါဘူး။ အစိုးရရဲ့လုပ်ဆောင်ချက်တွေကို မကျေနပ်ရင် ဒါမှမဟုတ် အစိုးရတွေ ပြည်သူတွေအပေါ် လုပ်ဆောင်ပေးမယ့်တာဝန်တွေ ပျက်ကွက်ရင် ဒါမှမဟုတ် ပြည်သူတွေမှာဖြည့်ဆည်းဖို့ လိုအပ်ချက်တွေရှိတယ်လို့ဆိုရင် မကျေနပ်လို့ ကန့်ကွက်မယ် (သို့မဟုတ်) ကျေနပ်ထောက်ခံရင် လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်ချင်တယ် (သို့မဟုတ်) ငြိမ်းချမ်းစွာ စီတန်းလည့်လည်ပြီး ဆန္ဒဖော်ထုတ်ချင်တယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်အောင်၊ လူစုလူဝေး (သို့မဟုတ်) ဆန္ဒဖော်ထုတ်နေတဲ့ လူတန်းကို လုံခြုံအောင် အကာအကွယ်ပေးတဲ့ဥပဒေပါ။ အရပ်သားစကားနဲ့ ပြောမယ်ဆိုရင် အကြောင်းတစ်စုံတစ်ရာတစ်ခုကြောင့် ဆန္ဒပြချင်တယ်ဆိုရင် မြို့နယ်ရဲတပ်ဖွဲမှူးထံမှာ ဥပဒေပါအတိုင်း ခွင့်ပြုချက်တင်ပြီး ခွင့်ပြုချက်ရရင် ပြ၊ မရဲပြရင်တော့ ပြစ်ဒဏ်ခံရမယ်ဆိုတာပါပဲ။ အခမ်းအနားတွေ ပွဲကျင်းပတာတွေနဲ့ မသက်ဆိုင်ပါဘူး။

ဒါပေမယ့် အခုလက်ရှိမှာ မြောက်ဦးအခင်းဖြစ်စဉ် ပြီးကတည်းက ရခိုင်ပြည်နယ် မြို့နယ်အချို့မှာ အခမ်းအနားတွေပွဲတွေလုပ်မယ်ဆိုရင် ငြိမ်း/စု/စီနဲ့ ခွင့်ပြုမိန့်တောင်းခံတဲ့ ကိစ္စတွေဖြစ်လာတော့ စိုးရိမ်စရာဖြစ်လာတယ်။ အခုဆို ဘယ်ပွဲလုပ်လုပ် ပွဲမိန့်ခွင့်ပြုချက်က ရခိုင်ပြည်နယ်မှာ ပပျောက်လို့လာနေတာ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ သက်ဆိုင်ရာ တတ်သိနားလည်သူတွေကလည်း ဒါကိုမချပြဘူး၊ ပြည်နယ်အစိုးရ ကိုယ်တိုင်ကလည်း လစ်လျူရှုသလိုဖြစ်နေတယ်။ ဒီကိစ္စက ဥပဒေလမ်းကြောင်း မှားနေတယ်ဆိုရင် ထောက်ပြကြရမှာပါ။ တည့်မတ်ပေးကြရမှာပါ။ အဲတော့ တိုင်းပြည်ဖွံဖြိုးရေး၊ လူမှုအသိုင်းအ၀ိုင်းလုံခြုံရေးက အာမခံချက်မရှိနိုင်သလို ကင်းမဲ့သွားရာလည်းရောက်စေလာပါတယ်။

လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် ပြည်သူလူထုဆိုတာကတော့ ဥပဒေကို လေ့လာဖတ်ရှု နားလည်သူတွေ မဟုတ်ပါဘူး။ အခမ်းအနားနဲ့ ပွဲတွေလုပ်ရင် ၂၀၁၂ ကတည်းက ကျင့်သားရနေတာက မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြရင်ရပြီလို့ အရိုးစွဲနေကြတယ်ဆိုတာတွေရတယ်။ ဥပဒေတွေ ပြင်ဆင်မှုတွေကိုလည်း သိကြတာမဟုတ်ဘူး။ လေ့လာလိုက်စားသူတွေ၊ အသက်မွေးဝမ်းကြောင်း လုပ်နေသူတွေကသာ လေ့လာဖတ်ရှုလို့ သိနားလည်ကြတာပါ။ အခု ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာအရင်းအမြစ်က မြို့နယ်အုပ်ချုပ်ရေးမှူးအချို့နဲ့ မြို့နယ်ရဲတပ်ဖွဲမှူးအချို့က ဥပဒေတွေကို လေ့လာမှုအားနည်းနေတယ်လို့ သုံးသပ်မိတယ်။ ဌာနတွေက ကျင့်သုံးရမယ့် ဥပဒေတွေကလွဲရင် အခြားဥပဒေတွေကို လေ့လာမှု အားနည်နေတယ်လို့လသုံးသပ်နိုင်ပါတယ်။ တကယ်ဆိုရင် ဥပဒေကို သိနားလည်ရင် အခမ်းအနား (သို့မဟုတ်) ပွဲကျင်းပခွင့် လာတင်တဲ့ ပွဲကျင်းပလိုသူကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲမှူးက ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးထံမှာ သွားတင်ပါလို့ ညွှန်ကြားချက်ပေးရမှာပါ။ အဲလိုဆို ဘာပြဿနာမှ ဖြစ်စရာအကြောင်းမရှိပါဘူး။

နောက်ပြီး အခမ်းအနားနဲ့ ပွဲတွေကျင်းပဖို့ ခွင့်ပြုချက်တောင်းတဲ့ကိစ္စမှာ မသက်ဆိုင်ဲ သင်တန်းတွေ၊ အစည်းအဝေးတွေ လုပ်မယ့်ကိစ္စကို ခွင့်ပြုချက်တောင်းတဲ့ကိစ္စပါ။ ဒါကြောင့် လူမှုအသင်းအဖွဲ့တွေမှာလည်း ဥပဒေ အသိပညာ အားနည်းနေတယ်ဆိုတာ တွေရတယ်။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ အစိုးရ၀န်ထမ်းတွေ ကိုရော၊ အရပ်ဘက် လူမှုအဖွဲအစည်းတွေကိုပါ ဥပဒေဆိုင်ရာ အသိပညာပေးဖို့ အမှန်တကယ်ကို လိုအပ်နေတာ တွေရမှာဖြစ်ပါတယ်။ ရခိုင်ပြည်သူလူထုအနေနဲ့လည်း မိမိတို့ သိသင့်သိထိုက်တဲ့ ဥပဒေတွေကို လေ့လာဖတ်ရှုဖို့လိုပါတယ်။ အနည်းဆုံး ကိုယ်လုပ်ငန်း၊ ကိုယ့်အလုပ်၊ ကိုယ့်ရပ်ကိုယ့်ဒေသနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ လွတ်တော်က အတည်ပြုပြဋ္ဌာန်းလာရင် လေ့လာဖတ်ရှုသင့်ပါကြောင်းလည်း အကြံပြုတိုက်တွန်းပါရစေ။ ဖြစ်နိုင်ရင် ဥပဒေဆိုင်ရာ အသိပညာပေးသင်တန်းတွေ ကိုယ့်ရပ်ကိုယ့်ဒေသတွေမှာ လုပ်လာရင် စိတ်ဝင်တစား တက်ရောက်လေ့လာသင့်ပါတယ်။

သုံးသပ် အကြံပြုချင်တာကတော့ လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာက ဥပဒေကို လေ့လာမှု အားနည်းနေတာကြောင့်ပါ။ အခမ်းအနားတွေ၊ ပွဲတွေလုပ်မယ်ဆိုရင် ကိုယ့်ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို ပွဲကျင်းပချင်သူတွေက သိရမှာဖြစ်သလို ဥပဒေနဲ့အညီ သက်ဆိုင်ရာမှာ ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့လည်း မိမိရဲ့ တာဝန်ဝတ္တရားတွေကို နားလည်ထားရမှာဖြစ်ပါတယ်။ ကိုယ်နဲ့မဆိုင်ရင် သက်ဆိုင်ရာတာဝန်ရှိသူကို ညွှန်းကြားပေးရမှာပါ။ အထူးသဖြင့် ဒီအခမ်းအနား ဒီပွဲက ပွဲမိန့်နဲ့ ခွင့်ပြုချက်တင်ရမလား ငြိမ်း/စု/စီနဲ့ ခွင့်ပြုပေးရမလားဆိုတာကို သိရင် မြောက်ဦးလို အဖြစ်အပျက်မျိုး သော်လည်းကောင်း၊ အမ်းမြို့က ဒေသခံတောင်သူလယ်သမားများ မြေယာနဲ့ သံယံဇာတ တွေဆုံပွဲကိစ္စလိုသော်လည်းကောင်း ဆက်လက်ဖြစ်ပွားစရာ အကြောင်းမရှိပါကြောင်း လေ့လာသုံးသပ်နိုင်ပါတယ်။

နိဂုံးချုပ်တင်ပြရမယ်ဆိုရင် ဥပဒေပညာရှင်တွေ သော်လည်းကောင်း၊ အစိုးရသော်လည်းကောင်း နိုင်ငံသားတွေရဲ့ အခွင့်အရေးကို နည်းနိုင်သမျှနည်းအောင် ကန့်သတ်တဲ့ ဥပဒေမဟုတ်ရင်၊ ဥပဒေတစ်ခုချင်းစီမှာ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ရင် အဲဒီဥပဒေအရ ခွင့်ပြုပေးထားတဲ့အတွက် အဲဒီဥပဒေအရ အရေးမယဲူ အခြားဥပဒေတစ်ခုခုနဲ့ အရေးယူရင်၊ ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေတွေ အချင်းချင်း ထိပ်တိုက်တိုးနေသရွေ့ ကျွန်တော်တို့ မြန်မာနိုင်ငံ လူ့အဖွဲအစည်းက ဘယ်သောခါမျှ လုံခြုံမှုကိုခံစားရလိမ့်မယ် မဟုတ်ပါဘူးလို့ အကြံပြု ရေးသားတင်ပြလိုက်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက တည်ဆဲဥပဒေတွေက လူတစ်ဦးချင်းအခွင့်အရေးကို အကာအကွယ်ပေးပြီး လူ့ဖွဲအစည်းရဲ့ အခွင့်အရေးကို မြှင့်တင်ပေးတဲ့ ဥပဒေတွေဖြစ်ရဲ့လား၊ မဖြစ်ရင် ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွပ်ခြင်း၊ အစားထိုးခြင်း၊ ဖျက်သိမ်းခြင်းတို့ကို ပြုလုပ်ရမှာဖြစ်ကြောင်း အကြံပြုတိုက်တွန်းပါရစေ။

မှတ်ကြီးသား (ဥပဒေ)
၂၂/၀၇/၂၀၁၈