အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီတွင် ဟိန္ဒူနှင့်မွတ်ဆလင်များကြား ပဋိပက္ခများဖြစ်ပွားကာ ၁၃ ဦးထိသေဆုံးခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း လူသေဆုံးမှုအများဆုံးပဋိပက္ခအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း ဘီဘီစီက ဖော်ပြထားသည်။

မလေးရှားနိုင်ငံ၏လက်ရှိဝန်ကြီးချုပ် မဟာသီယာမိုဟာမက်သည် တနင်္လာနေ့တွင် ရာထူးမှ နှုတ်ထွက်စာကို ဘုရင်ထံ တင်သွင်းခဲ့ရာ ဘုရင်ဖြစ်သူက နှုတ်ထွက်မှုကိုလက်ခံခဲ့သော်လည်း ဝန်ကြီးချုပ်သစ်မရွေးချယ်ရသေးမီထိ ၎င်းကိုပင် ယာယီဝန်ကြီးချုပ်အဖြစ် ပြန်လည်တာဝန်ပေးအပ်လိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားအာဏာပိုင်များသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်သတိပေးချက်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် အမြင့်ဆုံးအဆင့်ထိတိုးမြှင့်သတ်မှတ်လိုက်ရကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျာမနီနိုင်ငံအနောက်ပိုင်းရှိ မြို့တစ်မြို့တွင် ဗုဒ္ဓဟူးနေ့(ဖေဖော်ဝါရီ ၁၉) က လက်ယာအစွန်းရောက်တစ်ဦးဟု ယူဆရသည့် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ၉ ဦးအထိသေဆုံးခဲ့ရကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂုမြို့၌ မြို့တော်ဝန်သည် မြို့နေလူထု ၂.၅ သန်းအား ပြင်ပသို့ သွားလာလှုပ်ရှားမှုများ မပြုလုပ်ဘဲ အိမ်တွင်း၌သာ နေထိုင်ပေးကြရန် ကြာသပတေးနေ့တွင် တိုက်တွန်းလိုက်သည်။