ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်သည့် ဘရက်ဇစ်ကာလ နောက်ပိုင်းဖြစ်လာမည့် နှစ်ဖက် ကုန်သွယ်မှုသဘောတူညီချက်အပေါ် ဥရောပက စိုးရိမ်လာခြင်းသည် သောကြာနေ့တွင် ပိုမိုအရှိန်မြင့် တက်လာခဲ့သည်။ နောက်ဆုံးအပြီးသတ်ဆုံးဖြတ်ချက် မည်သို့ဖြစ်လာမည်ကို မသိရသေးခင် ဆွေးနွေးမှုများ ပြင်းထန်လာချိန်တွင် ပြင်သစ်သည် ဗီတိုအာဏာကိုပင် လက်ကိုင်ထား စိန်ခေါ်လာနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းတွင် အမျိုးအမည်မသိသော အဖျားရောဂါတစ်မျိုးကြောင့် လူ ၃၀၀ ကျော် ဆေးရုံတက်ကုသမှု ခံယူနေရကြောင်း အဆိုပါရောဂါကို စုံစမ်းစစ်ဆေးနေသည့် ဒေသခံအာဏာပိုင်များ၏ ပြောကြားချက်များအရ သိရသည်။ လက်ရှိအချိန်အထိ ရောဂါကြောင့် သေဆုံးသူ တစ်ဦးရှိကြောင်း စီအန်အန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ကုသဆေး ထုတ်လုပ်ဖြန့်ချိရန် စီစဉ်မှုများ ရှိလာသည်နှင့်အမျှ ထုတ်လုပ်သည့် ကုမ္ပဏီများသည် ဟက်ကာများ၏ပစ်မှတ် ဖြစ်လာနေကြောင်း IBM ကုမ္ပဏီက သတိပေးလိုက်သည်။

ဒိန်းမတ်နိုင်ငံသည် မြောက်ပိုင်းကမ်းလွန်ပင်လယ်ပြင်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်း လုပ်ငန်းအားလုံးကို ၂၀၅၀ ခုနှစ်တွင် အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဒိန်းမတ်သည် နောက်ဆုံးအကြိမ် တူးဖော်ရေးလိုင်စင် ချပေးမည့်အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်သည်။ “သဘာဝလောင်စာ တူးဖော်သည့်ခေတ်ကို အဆုံးသတ်တော့မည်” ဟု အစိုးရက ပြောကြားသည်။

ဆွီဒင်နိုင်ငံတွင် သားဖြစ်သူကို တိုက်ခန်းတွင်း နှစ်ပေါင်း ၃၀ ခန့် ပိတ်လှောင်ထားခဲ့သူ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးအား ဆွီဒင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။