ပြီးခဲ့သောနှစ်က ၄င်း၏အမှုအား ပြန်လည်စစ်ဆေးပြီးနောက် ဒေးဗစ်အစ်စမန်းသည် လူသတ်မှုမှ တရားသေ လွတ်မြောက်ခဲ့သည်။ / ဓာတ်ပုံ - AAP

သြစတေးလျတွင် လူသတ်မှုဖြင့် ၁၉ နှစ်ကြာ မှားယွင်း အကျဉ်းကျခံခဲ့ရသူ တစ်ဦးသည် နစ်နာကြေး သြစတေးလျဒေါ်လာ ၇ သန်း (အမေရိကန် ဒေါ်လာ ၄.၈ သန်း) ရရှိသွားကြောင်း BBC သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဒေးဗစ်အစ်စ်မန်းသည် သြစတေးလျရဲအရာရှိ ကောလင်းဝင်ချက်စတာအား သတ်ဖြတ်မှုဖြင့် ၁၉၉၅ ခုနှစ်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ဒုတိယအကြိမ် တရားရင်ဆိုင်ပြီးနောက် ဒေးဗစ်အစ်စမန်းအား အပြစ်မရှိကြောင်း ဆုံးဖြတ်ပြီး တရားရုံးက တရားသေလွှတ်ပေးခဲ့သည်။

မစ္စတာဝင်ချက်စတာ၏ အမှုမှာ ယခုအချိန်ထိ လက်သည်မဖော်ထုတ်နိုင်ဘဲ ရှိနေဆဲဖြစ်သည်။

ယခုအချိန်၌ အသက် ၇၄ နှစ် ရှိပြီဖြစ်သော မစ္စတာအစ်စမန်းသည် အစောပိုင်းက သြစတေးလျအာဏာပိုင်များ ပေးသော နစ်နာကြေး သြစတေးလျဒေါ်လာ ၃.၈ သန်းကို လက်မခံဘဲ ငြင်းပယ်ခဲ့သည်။

အကျဉ်းချခံခဲ့ရမှုကြောင့် မစ္စတာအစ်စမန်းသည် မိသားစုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရကြောင်း အစောပိုင်းစစ်ဆေးမှုများတွင် တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ၄င်း အကျဉ်းကျနေစဉ်အတွင်း ၄င်း၏မိခင်နှင့် မိသားစုဝင်နှစ်ဦးလည်း သေဆုံးခဲ့သည်။

“သူ့ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေကို ဆုံးရှုံးခံလိုက်ရတာပါ” ဟု ၄င်း၏ရှေ့နေ ဆမ်တီယာနီက တနင်္လာနေ့က တရားရုံးတွင် ပြောကြားခဲ့သည်။

အသတ်ခံရသူ မစ္စတာဝင်ချက်စတာသည် သြစတေးလျမြို့တော် ကင်ဘာရာရှိ မိသားစုနေအိမ်ပြင်ပတွင် သေနတ်နှင့် နှစ်ချက် ပစ်ခံခဲ့ရပြီး သေဆုံးသွားခြင်းဖြစ်သည်။ ၄င်းသည် သြစတေးလျတွင် အသတ်ခံရသည့် ရာထူးအကြီးဆုံး ရဲအရာရှိဖြစ်သည်။

မစ္စတာအစ်စမန်းသည် ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သည်။ ရာဇဝတ်မှုများအား ရဲများကိုင်တွယ်ပုံကို မကျေနပ်သဖြင့် ရဲများအား ခြိမ်းခြောက်စာများ ပေးပို့ခဲ့ဖူးသည့် ၄င်းအား သံသယရှိသူအဖြစ် အစောဆုံး သတ်မှတ်ခံခဲ့ရသည်။

အကျဉ်းချခံခဲ့ရပြီးနောက် မစ္စတာအစ်စမန်းသည် ၁၉ နှစ်လုံးလုံး သူ့အားစွပ်စွဲမှုကို ငြင်းဆန်ခဲ့သည်။ ၄င်းသည် ၁၉၉၉၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၅ နှင့် ၂၀၀၈ တို့တွင် အသနားခံစာ တင်သွင်းခဲ့သော်လည်း ငါးကြိမ်လုံး ရှုံးနိမ့်ခဲ့သည်။

၂၀၁၄ ရောက်မှ တရားရုံးက အဆိုပါအမှုအား ပြန်လည်စစ်ဆေးခဲ့ပြီး ၄င်း၏တရားခွင်တွင် ရဲကတင်ပြခဲ့သည့် သက်သေ၌ လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရှိခဲ့ပြီး အဆိုပါအမှုအား “မှားယွင်းစီရင်မှု” အဖြစ် ဆုံးဖြတ်ခဲ့သည်။

Author: Admin