(ဓာတ်ပုံ - The Economist)

ကမ္ဘာပေါ်တွင်သြဇာကြီးမားသော အပတ်စဉ်ထုတ် ဗြိတိသျှမဂ္ဂဇင်းတစ်စောင်ဖြစ်သည့် Economist သည် နှစ်စဉ် ဒီဇင်ဘာလ ရောက်တိုင်း ကမ္ဘာ့နိုင်ငံများထဲမှ တစ်နှစ်တာအတွင်း တိုးတက်မှုအရှိဆုံးနိုင်ငံကို ထုတ်ပြန်ကြေညာလေ့ရှိသည့်အတိုင်း ယခုနှစ်အတွက်လည်း ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။

Economist သည် တစ်နှစ်အတွင်း တိုးတက်မှုအရှိဆုံးတိုင်းပြည်ကို ရွေးချယ်ရာတွင် အနိမ့်ကျဆုံး အခြေအနေများမှနေပြီး တစ်နှစ်တာအတွင်း ရုန်းထလာနိုင်မှုအရှိဆုံး၊ အခြေအနေတိုးတက်မှု အရှိဆုံးတိုင်းပြည်ကို ရွေးချယ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်က အထွေထွေရွေးကောက်ပွဲများ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီးနောက်တွင် ယင်းနှစ်အတွက် Economist ၏ တိုးတက်မှုအရှိဆုံး တိုင်းပြည်အဖြစ် သတ်မှတ်ခံခဲ့ရဖူးသည်။

သို့ရာတွင် နိုင်ငံတစ်နိုင်ငံသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးတို့ကို ရရှိလာပြီးနောက်ပိုင်း၌ ထိုလတ်လတ်ဆတ်ဆတ် ရရှိထားသော ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးတို့ကို အစဉ်အမြဲ ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု အာမခံချက်မရှိကြောင်း ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာစစ်တပ်အပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် စွပ်စွဲထားသည်နှင့်ပတ်သက်ပြီး လျှောက်လဲချက်ပေးစဉ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့်စကားကို ကိုးကားပြီး Economist က ဝန်ခံမှုပြုထားသည်။

၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာတဝှ မ်းအဖြစ်များခဲ့သော နိုင်ငံရေးဆန္ဒပြပွဲများမှာ ရန်လိုသော အမျိုးသားရေးဝါဒများကို အခြေခံခဲ့ရာ ရုပ်ဆိုးကျည်းတန်ခဲ့ရသည်။ အိန္ဒိယတွင် မွတ်ဆလင်များကို ခွဲခြားရာရောက်သည့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေ ပြင်ဆင်ရေးဆွဲမှု၊ တရုတ်တွင် မွတ်ဆလင်များကို ပြုပြင်ထိန်းသိမ်းရေးစခန်းများတွင် ပိတ်ထားမှု၊ ကမ္ဘာတဝန်းမှ အင်စတီကျူးရှင်းများ၏ ရှိရင်းစွဲအခြေအနေများကို ဖျက်ဆီးရာရောက်သည့် အမေရိကန်၏ လုပ်ရပ်များ စသည်ဖြင့် ဖြစ်သည်။

ထိုသို့ အမျိုးသားရေးဝါဒ အားကောင်းပြင်းထန်မှုများ ရှိခဲ့သည်မှာမှန်သော်လည်း စိတ်သက်သာစရာအဖြစ် မှန်မှန်ကန်ကန်၊ မျှမျှတတ ပြုမူခဲ့သည့် အချို့သောနိုင်ငံများ ရှိနေသေးသည်ကိုလည်း တွေ့ရသည်။ ဥပမာအနေဖြင့် ပြရလျှင် လူဖြူအစွန်းရောက်တစ်ဦး၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဗလီအတွင်းဝတ်ပြုနေသော မွတ်ဆလင်ဘာသာဝင် အများအပြား သေဆုံးခဲ့ရသည့်ဖြစ်ရပ်ပြီးနောက်တွင် နယူးဇီလန်က တုံ့ပြန်ခဲ့ပုံမျိုးဖြစ်သည်။ နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်းက မွတ်ဆလင်အမျိုးသမီးတစ်ဦးကို ခေါင်းဆောင်းခြုံကာ မွတ်ဆလင်များကို တိုက်ခိုက်ခြင်းသည် နယူးဇီလန်နိုင်ငံသားများကို တိုက်ခိုက်ခြင်းပင်ဖြစ်သည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် သူမ၏အစိုးရအဖွဲ့သည် တိုင်းပြည်အတွင်း အဆက်မပြတ် ပစ်ခတ်နိုင်ငံသည့်အမျိုးအစား သေနတ်များကို ကိုင်ဆောင်ခွင့်ပိတ်ပင်ခဲ့ကာ ပြည်သူများထံမှ ယင်းလက်နက်အများအပြားကို ပြန်လည်ဝယ်ယူပေးခဲ့သည်။
နယူးဇီလန်ထက်ပိုပြီး လေးစားအသိအမှတ်ပြုဖွယ်ကောင်းသည်မှာ အိမ်နီးချင်း ဂရိနိုင်ငံနှင့် ငြိမ်းချမ်းပြေလည်မှုရရှိရန်အတွက် နိုင်ငံအမည်ကို ပြောင်းလဲပေးခဲ့သော မြောက်မက်ဆီဒိုးနီးယားနိုင်ငံဖြစ်သည်။

၁၉၉၁ ခုနှင်တွင် ယူဂိုဆလက်ဗ်တို့ထံမှ လွတ်လပ်ရေးရခဲ့သော မြောက်မက်ဆီဒိုးနီယား၏ ယခင်အမည်မှာ မက်ဆီဒိုးနီးယားနိုင်ငံဖြစ်သည်။ သို့ရာတွင် ဂရိနိုင်ငံထဲတွင် မက်ဆီဒိုးနီးယားဟု အမည်ရသည့် ဒေသကြီးတစ်ခု ယခင်ကတည်းကရှိနေရာ နှစ်နိုင်ငံကြား အငြင်းပွားစရာ ဖြစ်နေခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် မက်ဆီဒိုးနီးယားက ဂရိတို့နှင့် ပြေလည်မှုရရှိစေရန် နိုင်ငံအမည်ကို မြောက်မက်ဆီဒိုးနီးယားဟု ပြောင်းလဲပေးရန် သဘောတူခဲ့ခြင်းဖြစ်သည်။

ဆူဒန်တွင်မူ ကြီးမားသောလူထုအုံကြွမှုများ ဖြစ်ပွားပြီးနောက် ကမ္ဘာ့အဆိုးရွားဆုံး အာဏာရှင်များထဲမှ တစ်ဦးဖြစ်သည့် အိုမာ-အယ်လ်-ဘာရှာ ကို ဖြုတ်ချလိုက်နိုင်သည်။ အိုမာ-အယ်လ်-ဘာရှာ ၏ အစ္စလာမ္မစ်အာဏာရှင် အစိုးရအဖွဲ့သည် လူမည်းအာဖရိကန် အများအပြားကို ကျွန်ပြု၊သတ်ဖြတ်ခဲ့ရာ နိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ခန့်သည် တိုင်းပြည်ထဲမှ ထွက်ပြေးခဲ့ရကာ ၂၀၁၁ ခုနှစ်တွင် တောင်ဆူဒန်နိုင်ငံကို ဖွဲ့စည်းတည်ထောင်ခဲ့ရသည်။ ၂၀၁၉ ခုနှစ်တွင် လူထုအုံကြွမှုများမှတဆင့် မစ္စတာဘာရှာကို ဖြုတ်ချလိုက်နိုင်ပြီးနောက်တွင် ၎င်းကို အကျင့်ပျက်လာဘ်စားမှုများဖြင့် ဆူဒန်တရားရုံးက စီရင်ချက်ချခဲ့သော်လည်း လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် စွဲချက်တင်နိုင်မည့် အလားအလာကိုမူ မမြင်ရသေးပေ။ လက်ရှိ အာဏာမျှဝေယူထားသော အစိုးရအဖွဲ့သည် လာမည့် ၃ နှစ်အတွင်းရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကတိပြုထားကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှု၊ အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုအပေါ် ကန့်သတ်ချက်များအား လျှော့ချပေးမှု တို့ပြုလုပ်ခဲ့သည်။ သို့ရာတွင် ယခင်အာဏာရှင်အစိုးရအဖွဲ့ဝင်ဟောင်းမှ လူရမ်းကား အကြွင်းအကျန်များက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို ဖျက်လိုဖျက်ဆီးပြုလုပ်လာမည်ကို စိုးရိမ်ပူပန်ရမှုများမှာ မြင့်မားနေဆဲဖြစ်သည်။

Economist မှနေပြီး ၂၀၁၉ ခုနှစ်အတွက် တိုးတက်မှုအရှိဆုံးနိုင်ငံအဖြစ် ရွေးချယ်လိုက်သည်မှာ အမေရိကန်သမ္မတလောင်း တစ်ဦးဖြစ်သူ ဟာမန်းကိန်းက အူဘီကီ-ဘီကီ-စတန်-စတန် ဟု အသံမှားထွက်ခဲ့ဖူးသော ဥဇဘက်ကစ္စတန်နိုင်ငံ ဖြစ်သည်။ ဥဇဘက်ကစ္စတန်နိုင်ငံသည် လွန်ခဲ့သော ၃ နှစ်ကဆိုလျှင် ဆိုဗီယက်ခေတ်လွန်ပုံစံဟောင်း အာဏာရှင် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး ပြင်ပကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်တောက်ထားကာ ရက်စက်ကြမ်းကြုတ်မှုများ ရှိနေခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ ၎င်း၏အာဏာရှင်အစိုးရသည် အစိုးရကို ဆန့်ကျင်သူများအား အရှင်လတ်လတ် ပွက်ပွက်ဆူနေသည့်ရေထဲ ထည့်ပြုတ်သည်ဟု သတင်းများထွက်ပေါ်ခဲ့သလို အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများကို ကောက်ရိတ်သိမ်းချိန်တွင် ဝါခင်းများ၌ အတင်းအကျပ် ပင်ပင်ပန်းပန်း လုပ်ကိုင်စေခြင်းများလည်း ရှိခဲ့သည်။

ကြမ်းကြုတ်ရက်စက်လှသည့် အာဏာရှင် အစ္စလာမ်ခါရီမော့ဗ် ၂၀၁၆ ခုနှစ်တွင် သေဆုံးသွားသောအခါတွင် သူ၏နေရာကို ဝန်ကြီးချုပ် ရှက်ဗ်ကတ်မီယာဇီယိုယက်ဗ်က ဆက်ခံခဲ့သည်။ သူ၏လက်ထက် အစပိုင်းတွင် အပြောင်းအလဲ အနည်းငယ်သာရှိခဲ့သော်လည်း စစ်တပ်အကြီးအကဲကို ၂၀၁၈ ခုနှစ်တွင် ဖယ်ရှားပစ်လိုက်နိုင်ပြီးသည့်နောက်တွင် မစ္စတာမီယာဇီယိုယက်ဗ် သည် အပြောင်းအလဲများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့သည်။ သူ၏အစိုးရအဖွဲ့သည် အဓမ္မစေခိုင်းမှုများကို ကျယ်ကျယ်ပြန့်ပြန့်ရပ်ဆိုင်းခဲ့ပြီး ၎င်းတို့နိုင်ငံ၏ အရက်စက်အဆိုးရွားဆုံး အကျဉ်းထောင်ကိုလည်း ပိတ်ပစ်ခဲ့သည်။ နိုင်ငံခြားသားသတင်းထောက်များကို တိုင်းပြည်အတွင်း ဝင်ရောက်ခွင့်ပြုခဲ့ကာ စီးပွားရေးပိုင်းတွင်လည်း အသေးစားလုပ်ငန်းများအပေါ် အစိုးရအရာရှိများက အကျပ်ကိုင်လာဘ်စားနေမှုများကို တားမြစ်ခဲ့သည်။ နယ်စပ်ဂိတ်များကိုလည်း ဖွင့်လှစ်လိုက်ပြီး ပြည်ပနိုင်ငံများမှ နည်းပညာကုမ္ပဏီကြီးများကိုလည်း ပြည်တွင်းသို့ ဖိတ်ခေါ်ခဲ့သည်။ ထို့ပြင် လွှတ်တော်ရွေးကောက်ပွဲများကိုလည်း ကျင်းပသွားရန် စီစဉ်ထားပြီးဖြစ်သည်။

ပါတီအားလုံးက မစ္စတာမီယာဇီယိုယက်ဗ်ကို ထောက်ခံကြပြီး အချို့အတိုက်အခံများမှာ အကျဉ်းထောင်အတွင်း၌သာ ရှိနေသေးရာ ဥဇဘက်ကစ္စတန်အနေဖြင့် ဒီမိုကရေစီနှင့် အလှမ်းဝေးနေသေးသော်လည်း ယခုအခါတွင် ယခင်က အိပ်မက်ပင်မမက်ရဲခဲ့သော အစိုးရကို တော်သင့်ရုံဝေဖန်ပြောဆိုမှုများကို အချို့ လွှတ်တော်အမတ်လောင်းများက ပြုလုပ်လာနိုင်သည်ကို တွေ့မြင်နေရပြီဖြစ်သည်။ ဥဇဘက်ကစ္စတန်အနေဖြင့် ရှေ့ဆက်လျှောက်လှမ်းရမည့် ပြုပြင်ပြောင်းလဲရေးခရီးမှာ အရှည်ကြီးကျန်နေသေးသည်မှာ မှန်သော်လည်း ဆိုးရွားလှသည့် အခြေအနေများမှနေပြီး အချိန်တိုအတွင်း ယခုလောက်အထိ တိုးတက်ပြောင်းလဲနိုင်ခဲ့သဖြင့် ၂၀၁၉ ခုနှစ်အတွက် တိုးတက်မှုအရှိဆုံးတိုင်းပြည် အဖြစ် Economist မှ ရွေးချယ်သတ်မှတ်ခဲ့ခြင်းပင် ဖြစ်ပါသည်။

မောင်ဖြိုး
(ကိုးကား - The Economist - Which nation improved the most in 2019?)

Author: Admin