ကာ့ဒ်တို့သည် အိုင်အက်စ်အဖွဲ့ဝင်ပေါင်း ၁၁,၀၀၀ ခန့်ကို အကျဉ်းထောင် ၂၀ ခန့်တွင် ထိန်းသိမ်းထားပြီး ၄င်းတို့နှင့် ပတ်သက်နေသော အမျိုးသမီးနှင့် ကလေး ၇၀,၀၀၀ ခန့်ကိုပါ စခန်းများတွင် ထိန်းသိမ်းထားသည်။  ဓာတ်ပုံ - The New York Times


ဖမ်းမိထားသော အိုင်အက်စ်အကျဉ်းသားများအား ၄င်းတို့၏ မိခင်နိုင်ငံများသို့ ပြန်ပို့မည်ဟု တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆွိုင်လုက စနေနေ့က ပြောကြားလိုက်သည်။ ၄င်းအရေးနှင့် ပတ်သက်၍ ဥရောပနိုင်ငံများက အရေးယူဆောင်ရွက်ရန် ပျက်ကွက်နေမှုကိုလည်း ဝန်ကြီးက ဝေဖန်လိုက်သည်။

အိုင်အက်စ်တိုက်ခိုက်ရေးသမားများ၏ မိခင်နိုင်ငံ အများအပြားသည် ၄င်းတို့အား နိုင်ငံသားအဖြစ်မှ ပယ်ဖျက်လျက်ရှိသည်။

“ဒီလိုတာဝန်မဲ့မှုမျိုးကို လက်မခံနိုင်ဘူး၊ နိုင်ငံသားအဖြစ်က ဖျက်ဖျက် မဖျက်ဖျက် သူတို့ရဲ့နိုင်ငံကို ပြန်ပို့မယ်” ဟု ဝန်ကြီးက ပြောကြားကြောင်း ရိုက်တာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

တူရကီသည် ပြီးခဲ့သောလအတွင်း ဆီးရီးယားအရှေ့မြောက်ရှိ ကာ့ဒ်တိုက်ခိုက်ရေးသမားများ ထိန်းချုပ်ထားသော နယ်မြေများ သို့ ထိုးစစ်ဆင်နွဲခဲ့စဉ် အိုင်အက်စ်အကျဉ်းသားများကို ဖမ်းဆီးရမိခဲ့သည်။

တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆွိုင်လု / ဓာတ်ပုံ - Twitter/@suleymansoylu


ကာ့ဒ်တိုက်ခိုက်ရေးသမားများသည် အမေရိကန်၏ အိုင်အက်ချေမှုန်းရေး တိုက်ပွဲတွင် အဓိက ကူညီခဲ့သူများဖြစ်ပြီး ဂျီဟတ်သမား ထောင်ပေါင်းများစွာကို ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ အကျဉ်းထောင်များတွင် ထိန်းသိမ်းထားသည်။

ပြီးခဲ့သောလက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါဒေသမှ အမေရိကန်တပ်များအား ရုတ်သိမ်းမည်ဟု ကြေညာလိုက်ပြီးနောက် တူရကီသည် အဆိုပါဒေသအား ဝင်ရောက်ကျူးကျော်ခဲ့ရာမှ ကာ့ဒ်တို့ ဖမ်းဆီးထားသော အိုင်အက်စ်အကျဉ်းသား အများအပြား လွတ်မြောက်သွားခြင်းဖြစ်သည်။

Author: Admin