မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ယခုဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် မဘသက စေခိုင်းခြင်းမဟုတ်သည့်အပြင် အဆိုပါကိစ္စများသည် မဘသနှင့် မသက်ဆိုင်ကြောင်း မေလ ၁၆ ရက် ယနေ့ နေ့လည်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မဘသ(ဗဟို)က ရှင်းလင်းမိန့်ကြားသည်။
" မဘသက နိုင်ငံတော်သံဃာနာယကရဲ့ ဆောင်ရွက်မှုကိုလိုက်နာသလို ဆရာတော် ဦးဝီရသူလည်း လိုက်နာပါတယ်။ သူ့ကို တရားမဟောပါနဲ့ဆိုရင် မဟောပါဘူး။ သူ့ဘာသာသူနေတယ်။ သူ့မှာ ပြစ်မှုကျူးလွန်စရာ ဘာမှမရှိဘူး။ အဖွဲ့အစည်းအပေါ်မှာလည်း ဘာမှထိခိုက်စရာ မရှိဘူး။ နိုင်ငံတော်သံဃာမဟာနာယကက ဦးဝီရသူတစ်ပါးတည်းကို လမ်းညွှန်ချက်ပေးတာ မဟုတ်ဘူး။ ရွှေည၀ါဆရာတော်ကိုလည်း တရားမဟောရဘူး ပိတ်ထားတယ်။ သူလိုက်နာတယ်။ ဒီကနေ့ ဆရာတော်ဦးသုမင်္ဂလတို့ ဆိုင်ရာဆိုင်ရာ ဥပဒေနဲ့အညီ အရည်အချင်းတွေရှိပါတယ်။ ဓမ္မကထိက အရည်အချင်းတွေရှိပါတယ်။ အဲဒီအရည်အချင်းတွေနဲ့ မညီရင် မဟောရဘူးဆိုပြီးတော့ လမ်းညွှန်ချက်တွေရှိပါတယ်။ ဒါတွေက သူသွားနေတဲ့ သံဃာအဖွဲ့အစည်းက ချမှတ်ထားတဲ့ လမ်းစဉ်။ အဲဒီလမ်းစဉ်ကို ဆရာတော်ဦးဝီရသူသည် မဟနက ညွှန်ကြားတာရှိတယ်။သူသည် လိုက်နာနိုင်တယ်။ဒါဟာ ပြီးနေပြီ။ ဖုန်းဖုန်းတို့ ဘာမှပြောစရာမရှိဘူး။ အဲ သူက မဟနက လမ်းညွှန်ချက်ချတယ်။ ဆရာတော်ဦးဝီရသူက မလိုက်နာဘူး။ မလိုက်နာရင် ဦးဇင်းတို့က ဘာမှလုပ်စရာမလိုဘူး။ တရားဥပဒေက အရေးယူ၊ မဟနကအရေးယူမယ်။ နိုင်ငံတော်က သူ့ကို တရားဥပဒေအရ ဖမ်းဆီးတာတို့ ချုပ်နှောက်တာတို့ လုပ်ပေါ့။ မဘသက ဘာမှ အရေးယူလုပ်စရာမလိုဘူး။ မဘသဟာ တရားရုံးမဟုတ်ဘူး။ တရားဥပဒေနဲ့အညီ လုပ်ရမယ့် အဖွဲ့အစည်းလည်း မဟုတ်ဘူး။ တရားရေးစီရင်ပိုင်ခွင့်လည်း မဘသမှာ မရှိဘူး။ မရှိခြင်းကြောင့် နိုင်ငံတော်က ချမှတ်ထားတဲ့ ဒီလမ်းစဉ်ကို ဆရာတော်ဦးဝီရသူလိုက်နာ၊ မလိုက်နာရင် ဖမ်းမှာပဲ။ " ဟု ဆက်လက်မိန့်ကြားသည်။




