အကြိမ် ၃၀ မြောက် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ဖို့ ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒိုနီးရှားနိုင်ငံသမ္မတတို့ မနီလာမြို့မှာ ရခိုင်ပြည်နယ်

တည်ငြိမ်အေးချမ်းရေး ကိစ္စအပါအဝင် စီးပွားရေးကဏ္ဍတွေ၊ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဧပြီလ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ 

အဲဒီနေ့ ဒေသစံတော်ချိန် ၉ နာရီမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ အင်ဒိုနီးရှားနိုင်ငံသမ္မတတို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ (ဆိုဖီတယ် ဖီလပိုင် ပလာဇာ ဟိုတယ်) မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုတွေ့ရာမှာ စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်ရေးခြမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်တွေနဲ့ ဒေသတွင်းနှင့် နိုင်ငံတကာရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

အလားတူ ဒေသစံတော်ချိန် တစ်နာရီမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဘရူနိုင်းဒါရူးဆလမ်နိုင်ငံ ဘုရင်တို့ဟာ မနီလာမြို့ရှိ ဖိလစ်ပိုင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ အထူးသီးသန့် ဧည့်ခန်းမဆောင်၌ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုမြှင့်တင်ရေး၊ စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍတို့နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့လည်း ထည့်သွင်းထုတ်ပြန်ထားပါတယ်။

Author: ဇော်ဇော်(မြောက်ဦး)