ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်မှာ သြစတြေးလျနိုင်ငံ ဒီဇိုင်းနည်းပညာဖြင့် တည်ဆောက်နေတဲ့ မေယုဈေးသစ်ကြီးကို လာမယ့် ၂၀၁၉ ခုနှစ်အတွင်းမှာ စတင်ဖွင့်လှစ် နိုင်တော့မယ်လို့ Western Shining Stars Public ကုမ္ဗဏီမှ ဥက္ကဌ ဦးကျော်ရင်က ပြောဆိုပါတယ်။

အခုအကောင်အထည်ဖော် တည်ဆောက်နေတဲ့ မေယုဈေးသစ်ကြီးကို သုံးထပ်ဈေးကြီးတစ်ခု အဖြစ် ဆောက်လုပ်နေခြင်းဖြစ်ကာ စစ်တွေဒေသခံ အများပိုင်ကုမ္ပဏီဖြစ်တဲ့ Western Shining Stars Public ကုမ္ဗဏီနှင့် Golden Green ကုမ္ဗဏီတို့က တာဝန်ယူတည်ဆောက် နေတာဖြစ်ပါတယ်။

အဲဒီမေယုဈေးသစ်ကြီးကို သုံးဧက အကျယ်အဝန်းမှာ တည်ဆောက်နေတာဖြစ်ပြီး အဆောက်အအုံအကြမ်းထည်လျာထားမှုမှာ ငွေကျပ် ခုနှစ်ဘီလီယံကျော် ကုန်ကျမည် ဖြစ်တယ်လို့ သိရပါတယ်။

အခုကုန်ကျမယ့် ငွေတွေဟာ အစိုးရရဲ့ ငွေတွေမဟုတ်ဘဲ ကုမ္ဗဏီရဲ့ငွေတွေဖြစ်ကြောင်း၊ စစ်တွေမြို့မှာ ခေတ်မီတဲ့ ဈေးမရှိတဲ့အတွက် ဒေသခံပြည်သူတွေ အဆင့်မြင့်မြင့် ဖြစ်စေချင်တာကြောင့် ခေတ်မီတဲ့ဈေးတည်ဆောက်ရတာလို့ Western Shining Stars Public ကုမ္ဗဏီမှ ဥက္ကဌ ဦးကျော်ရင်က ပြောဆိုပါတယ်။

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်