မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာမှာ မိုရာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ် ၂၀ ကျော်နဲ့ စာသင်ကျောင်းတစ်ကျောင်း လုံးဝပျက်စီးသွားပြီး အခု အကူအညီတွေ လိုအပ်နေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသူ/ရွာသားတွေက DMG သို့ ပြောဆိုကြပါတယ်။
အရင်ကတည်းကနေ ဒေသခံတိုင်းရင်းသားတွေမှာ ဆင်းရဲနေတာ အခု မိုရာလေမုန်တိုင်းကြောင့် နေအိမ်တွေ ပျက်စီးသွားတော့ တစ်ရက်စာတစ်ရက် ရှာစားနေရတဲ့ မိသားစုတွေအတွက် ဘယ်လိုမှအဆင်မပြေဘူးလို့ ခရေမြိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။
မနေ့က ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာသည် မောင်တောမြို့နယ် ကျေးရွာတွေမှာ ပျက်စီးသွားတဲ့ အခြေအနေတွေကို လေ့လာပြီး ခရေမြိုင်ကိုကျေးရွာသို့ ရောက်ခဲ့ပေမယ့် ဆေးပေးခန်းသာ ကြည့်ရှုခဲ့ကာ ခေါင်းမိုးအားလုံးလန်သွားပြီး ကလေးတွေ ကျောင်းတက်ဖို့ ဘယ်လိုမှအဆင်မပြေတော့တဲ့ စာသင်ကျောင်းကို မကြည့်ရှုခဲ့ဘူးလို့ အဲဒီဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။




