သူပုန်နှိမ်နင်းရာတွင် မြန်မာ၏ပူးပေါင်းဆောင်ရွက်မှုကို အိန္ဒိယအလေးထားဟု ဝန်ကြီးချုပ် မိုဒီ ပြော

အိန္ဒိယ-မြန်မာ နယ်စပ်တွင် အိန္ဒိယသူပုန်တပ်ဖွဲ့များ အခြေချစရာနေရာ မရှိစေရေးအတွက် မြန်မာနိုင်ငံဘက်မှ ပူးပေါင်းဆောင်ရွက်မှုကို အိန္ဒိယနိုင်ငံအနေဖြင့် အလေးထားကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်ဟု Times of India သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 06 Nov 2019

၁၆ ကြိမ်မြောက် အိန္ဒိယ-အာဆီယံ အစည်းအဝေး၏ သီးခြားတွေ့ဆုံဆွေးနွေးပွဲများတွင် ဝန်ကြီးချုပ်မိုဒီက ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။ / ဓာတ်ပုံ - Narendra Modi Twitter

အိန္ဒိယ-မြန်မာ နယ်စပ်တွင် အိန္ဒိယသူပုန်တပ်ဖွဲ့များ အခြေချစရာနေရာ မရှိစေရေးအတွက် မြန်မာနိုင်ငံဘက်မှ ပူးပေါင်းဆောင်ရွက်မှုကို အိန္ဒိယနိုင်ငံအနေဖြင့် အလေးထားကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်ဟု Times of India သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထို့ပြင် အိန္ဒိယနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် အိမ်ရာစီမံကိန်းတစ်ခု ဖော်ဆောင်ပြီးနောက်ပိုင်းတွင် ၎င်း၏ လူမှု-စီးပွားစီမံကိန်းများကို ဆက်လက်ချဲ့ထွင်သွားရန် အသင့်ရှိကြောင်းလည်း ဝန်ကြီးချုပ်မိုဒီက ဒေါ်အောင်ဆန်းစုကြည်ကို အသိပေးပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တနင်္ဂနွေနေ့မှစတင်ကာ ကျင်းပလျက်ရှိသော အာဆီယံထိပ်သီးအစည်းအဝေးတွင် ပါဝင်လျက် ရှိသည့် ဆက်စပ်ဆွေးနွေးပွဲများထဲမှ ၁၆ ကြိမ်မြောက် အိန္ဒိယ-အာဆီယံ အစည်းအဝေး၏ သီးခြားတွေ့ဆုံဆွေးနွေးပွဲများ တွင် ထိုကဲ့သို့ပြောဆို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုရှိရေးသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် အရေးကြီးသော ဒေါက်တိုင်တစ်ခုဖြစ်ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူခဲ့ကြပြီး အိန္ဒိယ-မြန်မာနယ်စပ်တွင် အိန္ဒိယသူပုန်တပ်ဖွဲ့များ အခြေချစရာနေရာမရှိစေရေး အတွက် မြန်မာနိုင်ငံဘက်မှ ပူးပေါင်းဆောင်ရွက်မှုကို အိန္ဒိယနိုင်ငံဘက်မှ အလေးထားကြောင်း ဝန်ကြီးချုပ်မိုဒီက အလေးပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နယ်နမိတ်ချင်း ကီလိုမီတာ ၁၆၄၀ ခန့် ထိစပ်လျက်ရှိသော မဟာဗျူဟာမြောက် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ပြီးခဲ့သောနှစ်ကအထိ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှ သူပုန်စခန်း ၅၀ ကျော် မြန်မာနိုင်ငံ ထဲတွင် ရှိနေကြောင်း လုံခြုံရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနှင့် အိန္ဒိယစစ်တပ်တို့သည် ပြီးခဲ့သော မေလ ၁၆ ရက်နေ့မှစတင်ကာ ၃ ပတ်ကြာ ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်ကို ၎င်းတို့၏ကိုယ်ပိုင် နယ်စပ်ဒေသများတွင် အသီးသီးဆင်နွှဲခဲ့ကြသည်။ ယင်းပူးပေါင်းစစ်ဆင်ရေးအတွင်းတွင် အိန္ဒိယနိုင်ငံ၏ မဏိပူရ၊ နာဂလန်း နှင့် အာသံပြည်နယ်တို့တွင် တပ်စွဲထားသောလက်နက်ကိုင်တပ်ဖွဲ့အချို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရာ၌ အိန္ဒိယဝန်ကြီးချုပ်မိုဒီက ဘင်္ဂလားဒေ့ရှ်ရှိ အိုးအိမ်စွန့်ခွာ ဒုက္ခသည်များကို ရခိုင်ပြည်နယ်အတွင်းရှိ ၎င်းတို့၏နေအိမ်များတွင် လျင်လျင်မြန်မြန်၊ ဘေးအန္တရာယ်ကင်းစွာနှင့် ရေရှည်ပြန်လည်နေထိုင်ခွင့် ရရှိစေရေးဆောင်ရွက်ရန်မှာ အဆိုပါဒုက္ခသည်များ၏ အကျိုးစီးပွားအတွက် သာမက မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံနှင့် ဒေသတွင်းအကျိုးစီးပွားအတွက်ပါ အရေးပါလျက်ရှိကြောင်း အလေးထား ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ဇူလိုင်လအတွင်းက ဘင်္ဂါလီဒုက္ခသည်များ ရခိုင်ပြည်နယ်တွင်ပြန်လည်အခြေချနိုင်ရေးကို အားပေးရန် အတွက် ရခိုင်ပြည်နယ်အတွင်းတွင် အသင့်ဆောက်လုပ်ပြီးအိမ်အလုံး ၂၅၀ ကိုမြန်မာအစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဝန်ကြီးချုပ်မိုဒီ၏ အိန္ဒိယ-မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်းပြောကြားမှုကို ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းအတည်ပြုခဲ့ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီထွန်းကားရေး တို့တွင် အိန္ဒိယနိုင်ငံက ရေရှည်၊ စွဲစွဲမြဲမြဲ ပံ့ပိုးကူညီမှုများအပေါ် အသိအမှတ်ပြုကျေးဇူးတင်ကြောင်း ပြန်လည်းပြောကြားခဲ့ သည်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို ချဲ့ထွင်ရန်အတွက် နှစ်နိုင်ငံပြည်သူများကြား ဆက်သွယ်ချိတ်ဆက်မှုရှိရေးနှင့် အိန္ဒိယစီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု မြင့်တက်လာစေရေး တို့မှာ အရေးကြီးကြောင်းလည်း သဘောတူညီခဲ့ကြသည်။

အိန္ဒိယနိုင်ငံသည် လာမည့် ဒီဇင်ဘာလထဲတွင် ရန်ကုန်မြို့၌ CLMV နိုင်ငံများ (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ ၊ ဗီယက်နမ်) အတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာ ပွဲအခမ်းအနားတစ်ခုကို ကျင်းပသွားရန်ရှိနေသည်။

ဗီဒီယိုများ