ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာ၌ စက်တင်ဘာလ ၃ ရက်နေ့က မီးရှို့ခံခဲ့ရသော နေအိမ်ခြံဝင်းတစ်ခု။

စက်တင်ဘာလ ၃ ရက်နေ့ညဥ့်က ဦးသာလှ (အမည်လွှဲ) တစ်ယောက် ဆောက်တည်ရာမရဖြစ်နေပါတယ်။ သူနဲ့အတူ အဲဒီနေရာမှာ လူအယောက် ၇၀ ဝန်းကျင်လည်းရှိနေပါတယ်။

“လက်နက်ကြီးသံကို အကျယ်ကြီးကြားလိုက်တော့ ဒီကွာရန်တင်းစင်တာက မလုံခြုံဘူးဆိုတာ စဉ်းစားမိတယ်။” လို့ အယ်ဂျာဇီးရားသတင်းဌာနကို ဖုန်းနဲ့ဖြေကြားပါတယ်။ အသက် ၃၂ နှစ်အရွယ် ဦးသာလှဟာ သူ့ရဲ့မွေးဇာတိ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကနေ ဖြေကြားနေတာဖြစ်ပါတယ်။

“အဲဒီနေ့က တစ်ယောက်မှ မအိပ်နိုင်ကြဘူး” လို့ သူကဆိုပါတယ်။

မနက်မိုးလင်းတော့ သူတို့အားလုံး အဆိုပါ ကွာရန်တင်းစင်တာကနေ ထွက်သွားကြပါတော့တယ်။

“အကုန်လုံး ကိုယ့်အိမ်ကိုယ်ပြန်သွားကြတယ်” လို့ ဦးသာလှကပြောပါတယ်။

ဒီကွာရန်တင်းစင်တာနဲ့ ၃ မိုင်ခန့်အကွာက ရွာမှာတော့ ကျေးရွာသားတွေက အဲဒီနေ့ညဥ့်မှာ ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

အဲဒီညဥ့်က တိုက်ခိုက်ခံရတဲ့ကျေးရွာနှစ်ရွာအနက် တစ်ရွာကရွာသား ဦးယက်သဲ့ (အမည်လွှဲ) က အဖြစ်အပျက်ကို အယ်ဂျာဇီးရားကို ခုလိုပြောပြပါတယ်။

“တပ်မတော်က ရွာထဲကိုဝင်လာပြီး မြင်သမျှအကုန်ပစ်တာ။ ပြီးတော့ အိမ်တွေကိုမီးရှို့ကြတယ်။ ကျွန်တော်တို့လည်း ဘယ်ပြေးလို့ပြေးရမှန်းမသိ၊ ခြေဦးတည့်ရာပြေးကြတာပဲ။”

ဒေသခံသတင်းဌာနတစ်ခုရဲ့ အဆိုအရ အဲဒီညဥ့်က နှစ်ရွာပေါင်းမီးရှို့ခံလိုက်ရတဲ့ အိမ်ခြေစုစုပေါင်း ၁၆၆ အိမ်ရှိတယ်လို့ သိရပါတယ်။ အမျိုးသားနှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲရပြီး ထွက်ပြေးခဲ့ရသူ ရွာသူရွာသားစုစုပေါင်း ၆ ထောင်ခန့်ရှိတယ်လို့ DMG သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အယ်ဂျာဇီးရားအနေနဲ့ ဒီအချက်အလက်တွေကို သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။


မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ ကိုဗစ်ဒဏ်ကို အဆိုးဆုံးရင်ဆိုင်နေရပါတယ်။ ရခိုင်ပြည်က ဒေသခံပြည်သူ ၃ သန်းခန့်ဟာ ကိုဗစ်ကပ်ဘေးကို ရင်ဆိုင်နေရရုံသာမက မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား ပိုပိုပြင်းထန်လာနေတဲ့ လက်နက်ကိုင်ပဋိပက္ခဒဏ်ကိုလည်း ခါးစည်းခံနေကြရပါတယ်။

ကျေးရွာသားတွေက စက်တင်ဘာလ ၃ ရက်နေ့အကြမ်းဖက်မှုဟာ မြန်မာစစ်တပ်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောကြပေမယ့် တပ်မတော်ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ နောက်တစ်နေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီစွပ်စွဲချက်ကို ငြင်းပယ်ခဲ့ပါတယ်။ အေအေဟာ တပ်မတော်ရဲ့ ယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့တယ်လို့လည်း တပ်မတော်က စွပ်စွဲလိုက်ပါတယ်။

ရခိုင်ဒေသရှိ စစ်ဘေးရှောင်စခန်းတစ်ခုသို့ ရောက်ရှိနေကြသူများအား ၂၀၂၀ စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - Pulitzer Center)

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေ အများအပြားရှိတဲ့အထဲမှာ အေအေလည်း အပါအဝင်ဖြစ်ပါတယ်။ အေအေဟာ ရခိုင်လူထုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေတာဖြစ်သလို အေအေကို ထောက်ခံသူအများစုဟာလည်း ရခိုင်တွေဖြစ်ပါတယ်။ အေအေနဲ့ တပ်မတော်အကြား ရင်ဆိုင်တိုက်ပွဲတွေဟာ ၂၀၁၈ နှောင်းပိုင်းကနေ ပိုမိုပြင်းထန်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင် ဒီပဋိပက္ခတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ပေါင်း ၂ သိန်းခန့်ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ကထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

မကြာသေးမီကဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခဟာ ဒီပြည်နယ်ရဲ့ မလှပခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေအပေါ် ကောက်ယူခဲ့တဲ့ ၂၀၁၄ သန်းခေါင်စာရင်းကို နိုင်ငံရေးအကြောင်းတရားတွေကြောင့် မထုတ်ပြန်ခဲ့ပါဘူး။ ရခိုင်ပြည်နယ်မှာဆိုရင် အများစုက ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး သူတို့တွေဟာ တိုင်းရင်းသားတွေဖြစ်နေပေမယ့် မွတ်ဆလင်တွေဟာလည်း အဲဒီဒေသမှာ သမိုင်းနဲ့ချီပြီး နေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ မွတ်ဆလင်တွေဟာ စနစ်တကျခွဲခြားဆက်ဆံမှုနဲ့သာ ကြုံတွေ့ခဲ့ရသလို နိုင်ငံသားဖြစ်ခွင့်လည်း မရကြပါ။

၂၀၁၂ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခကြောင့် မွတ်ဆလင် ၁၃၀၀၀၀ ခန့်ဟာ စစ်တွေအနီးက ဒုက္ခသည်စခန်းတွေဆီ အပို့ခံလိုက်ရပါတယ်။ နောက် ငါးနှစ်အကြာမှာတော့ ရခိုင်ပြည်မှာ စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေကြောင့် မွတ်ဆလင် ၇၃၀၀၀၀ ဟာ ဘင်္ဂလားဒေ့ရှ်ဆီ ထွက်ပြေးခဲ့ရပါတယ်။ မြန်မာစစ်တပ်ရဲ့ ဒီလုပ်ရပ်ဟာ လူမျိုးတုန်းသတ်ဖြတ်ရန် ကြံစည်မှုဖြစ်တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို သြဂုတ်လ ၁၆ ရက်နေ့က စစ်တွေမှာ တွေ့ရှိခဲ့တယ်လို့ မြန်မာအစိုးရက ကြေညာပါတယ်။ အဲဒီအချိန်က နိုင်ငံတွင်း ကိုဗစ်ကူးစက်မှုစုစုပေါင်း ၄၀၀ အောက်ရှိပြီး ရခိုင်မှာတော့ ၂၀ နီးပါးသာရှိပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့အရောက်မှာတော့ ရခိုင်ပြည်နယ်တွင်း ကိုဗစ်ကူးစက်မှုစုစုပေါင်းဟာ ၇၃၅ ခုရှိပြီး ရခိုင် ၁၇ မြို့နယ်လုံးနီးပါးမှာ ကူးစက်ပျံ့နှံ့နေပါပြီ။ ဒါဟာ တစ်နိုင်ငံလုံး ကူးစက်မှုရဲ့ လေးပုံတစ်ပုံနီးပါး ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တစ်ဝန်း နေရာအတော်များများကို သြဂုတ်လ ၂၆ ရက်နေ့ကစတင်ပြီး လော့ဒေါင်းချလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်ကူးစက်မှုကို တစ်နိုင်ငံလုံး ညီညီညွတ်ညွတ်နဲ့ တွန်းလှန်ကြဖို့ တိုက်တွန်းလိုက်သလို ကူးစက်မှုရှိနေတဲ့ ဒေသတွေမှာ ထိထိရောက်ရောက် တုန့်ပြန်နိုင်ရေးအတွက် ရိက္ခာနဲ့ ငွေကြေးအထောက်အပံ့ မပြတ်စေရဘူးလို့  ကတိပေးခဲ့ပါတယ်။

ဒါပေမဲ့ အခြားတစ်ဘက်မှာတော့ အစိုးရဟာ ရခိုင်နဲ့ချင်းက ၈ မြို့နယ်မှာ လုံခြုံရေးကိုအကြောင်းပြပြီး 3G 4G အင်တာနက်တွေ ဖြတ်တောက်ထားဆဲ ဖြစ်ပါတယ်။ ပဋိပက္ခဒေသတွေဆီ ထောက်ပံ့ရေးအကူအညီတွေ၊ ကိုဗစ်ထိန်းချုပ်ရေး အကူအညီတွေကိုလည်း ကန့်သတ်မှုတွေ ရှိနေဆဲပါ။

အယ်ဂျာဇီးရားသတင်းဌာနက အစိုးရတာဝန်ရှိသူ၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတွေဆီ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်း မရှိကြပါဘူး။

မတ်လ ၁၆ ရက်နဲ့ ဇူလိုင်လ ၆ ရက်အတွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၈၂၀၀၀ ခန့်ရှိတယ်လို့ အစိုးရရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ Development Media Group (DMG) ရဲ့ သတင်းတွေအရဆိုရင် သြဂုတ်လ ၃၁ ရက်နဲ့ စက်တင်ဘာလ ၄ ရက်အတွင်း ကျောက်တော်မြို့နယ်က ကျေးရွာပေါင်း ၁၀ ထက်မနည်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရွာသားစုစုပေါင်း ၁၉၀၀၀ နီးပါး ရှိပါတယ်။

စက်တင်ဘာ ၂ နဲ့ ၃ ရက်နေ့တွေမှာလည်း ကျေးရွာနှစ်ခုကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာသားတွေ ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ပါတယ်။

အကြမ်းဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာဟာ ကျောက်တော်တစ်ခုတည်းမှာ မဟုတ်ပါဘူး။ အမ်းနဲ့ မြေပုံမြို့နယ်တွေမှာလည်း စက်တင်ဘာလ ၈ ရက်နေ့က လက်နက်ကြီးထိမှန်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် အရပ်သား လေးဦး သေဆုံးခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က တစ်ကမ္ဘာလုံးမှာ အပစ်အခတ်ရပ်စဲကြဖို့ ၂၀၂၀ မတ်လ ၂၃ ရက်နေ့မှာ တောင်းဆိုခဲ့သလို အဖွဲ့အစည်းအများအပြားကလည်း ရခိုင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်စဲကြဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ တပ်မတော်ကတော့ AA ဘက်က သုံးကြိမ်တိုင်တိုင် ထုတ်ပြန်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်ခဲ့ပါတယ်။ မေလမှာထုတ်ပြန်ပြီး စက်တင်ဘာလကုန်အထိ တိုးချဲ့ခဲ့တဲ့ တပ်မတော်ရဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ကြေညာချက်မှာလည်း အေအေအဖွဲ့ လှုပ်ရှားနေတဲ့ ဒေသတွေကို ချန်လှပ်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့လက အစိုးရရဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးညီလာခံမှာ ဆိုရင်လည်း အေအေကို အကြမ်းဖက်အဖွဲ့အစည်း ဖြစ်နေလို့ဆိုပြီး ချန်လှပ်ခဲ့ပြန်ပါတယ်။ အစိုးရဟာ အေအေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ၂၀၂၀ မတ်လမှာ သတ်မှတ်ကြေညာခဲ့တာပါ။

ပဋိပက္ခဖြစ်ပွားရာဒေသတွေဆီ အကူအညီတွေပေးရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အန္တရာယ်ရှိနေပြီး ဝန်ထမ်းတွေလည်း စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များအဖွဲ့ (UNOCHA) မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ ဗာလီဂျွန်ရာနိုအက်ဗ် က အယ်ဂျာဇီးရားသတင်းဌာနကို ပြောပါတယ်။

“မလုံခြုံမှုနဲ့ လတ်တလော ကိုဗစ် ထိန်းချုပ်ရေးစည်းကမ်းတွေက ကျွန်တော်တို့ရဲ့ ကူညီထောက်ပံ့ရေးနဲ့ ကိုဗစ်-၁၉ တုန့်ပြန်ရေးလုပ်ဆောင်ချက်တွေ အတွက် အဟန့်အတားဖြစ်နေတယ်” လို့ သူကဆိုပါတယ်။

မြောက်ဦးမြို့နယ်ရှိ တိမ်ညို စစ်ဘေးရှောင်စခန်းတွင် စေတနာ့ဝန်ထမ်းတစ်ဦး ပိုးသတ်ဆေးဖြန်းပေးနေသည်ကို ၂၀၂၀ စက်တင်ဘာလတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - Pulitzer Center)

ပဋိပက္ခတွေဟာ ကိုဗစ်ကပ်ဘေး အရေးပေါ်တုန့်ပြန်ရေး ဆောင်ရွက်နေသူတွေအတွက်လည်း အန္တရာယ်ရှိနေပါတယ်။

ဧပြီလအတွင်းက စစ်ဆေးမှုနမူနာတွေ သယ်ဆောင်လာတဲ့ ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံးခဲ့ပါတယ်။ ဒီကားမှာ WHO အမှတ်တံဆိပ် ထင်ထင်ရှားရှား ကပ်ထားတာပါ။ ဒီလုပ်ရပ်အပေါ် အေအေကော တပ်မတော်ကပါ ဘယ်သူ့လက်ချက်မှန်း ဝန်ခံပြောဆိုခြင်း မရှိကြပါဘူး။ ရခိုင်ဒေသက လက်နက်ကိုင်ပဋိပက္ခတွေအတွင်း သေဆုံးသူစုစုပေါင်းဟာ ၂၀၁၈ ဒီဇင်ဘာ ၁ ရက်ကနေ ၂၀၂၀ စက်တင်ဘာ ၈ ရက်အထိ ၂၈၉ ယောက်ရှိတယ်လို့ RFA ရဲ့ သတင်းတွေအရ သိရပါတယ်။

ဦးသာလှအပါအဝင် ကျန်တဲ့သူတွေဟာ စက်တင်ဘာ ၄ ရက်နေ့မှာ ကွာရန်စင်တာက ထွက်ပြေးလာခဲ့ကြပြီး အဲဒီနေ့ညမှာပဲ ကွာရန်တင်းဝင်ဖို့ ဒီနေရာကို ပြန်လာခဲ့ကြပါတယ်။ ဒါပေမဲ့ နှစ်ရက်အကြာမှာတော့ ဒီကွာရန်တင်းစင်တာကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပိတ်လိုက်ပါတော့တယ်။ ပဋိပက္ခတွေရှိနေတဲ့အတွက် ကိုဗစ်ကွာရန်တင်း ဝင်ရမယ့်သူတွေဟာ ကိုယ့်အိမ်မှာကိုယ်ပဲ ကွာရန်တင်းဝင်ကြဖို့ တိုက်တွန်းချက် ထွက်လာခဲ့ပါတယ်။

နောက်တစ်ရပ်မှာ ထွက်လာတဲ့ဆေးစစ်ချက်တွေအရ အဆိုပါကွာရန်တင်းစင်တာမှာ ပိုးတွေ့သူ ၉ ယောက်ရှိကြောင်း စာရင်းထွက်လာပါတယ်။ ဒါပေမဲ့ ဆေးရုံကို ချက်ချင်းသတင်းပို့သူကတော့ ၆ ယောက်သာရှိခဲ့ပါတယ်။

ဦးသာလှကတော့ ပို့မတွေ့ပါဘူး။ ဒါပေမဲ့ လတ်တလောတိုက်ခိုက်မှုတွေ ကြောင့် နေ့ရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေ အတွက်ကတော့ ပိုးမကူးစက်အောင် လူအချင်းချင်း ခပ်ခွာခွာနေဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ စားနပ်ရိက္ခာပြတ်လပ်မှုကလည်း ပိုမိုစိုးရိမ်ဖွယ်ရာ ဖြစ်လာနေတဲ့အတွက် ဒေသခံအဖွဲ့အစည်းတွေဟာ ရိက္ခာမပြတ်အောင် ရုန်းကန်နေကြရပါတယ်။
 
ဦးယက်သဲ့ကတော့ ကိုရိုနာဗိုင်းရပ်စ်အရေး သူ့ခေါင်းထဲမှာ မရှိသလောက်ပဲလို့ အယ်ဂျာဇီးရားကို ပြောပါတယ်။
“ကျွန်တော်ကတော့ ဗိုင်းရပ်စ်ကို စိတ်မပူဘူး။ တပ်မတော်က ကျွန်တော်တို့ရွာတွေကို နောက်တစ်ကြိမ် လာတိုက်ခိုက်မှာကိုပဲ စိတ်ပူတယ်” လို့ သူကဆိုပါတယ်။

အောင်မိုး
(Emily Fishbein နှင့် Kyaw Hsan Hlaing တို့ရေးသားသည့် “Rakhine: Where the Military Is More Feared Than the Coronavirus” ကို မြန်မာပြန်ဆိုပါသည်။)

ဆက်စပ်ဖတ်ရှုရန် -

Author: DMG