ရခိုင်ပဋိပက္ခ အရှိန်မြင့်လာသည်နှင့်အမျှ ရွာမီးရှို့ခံရမှု၊ အရပ်သား သေကြေဒဏ်ရာရမှု ပိုများလာ (AI အစီရင်ခံစာ)

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့ (AI) သည် ရခိုင်ဒေသတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (အေအေ) တို့၏ ပဋိပက္ခအကြား၌ အရပ်သားများ လက်လွတ်စပယ် တိုက်ခိုက်ခံနေရသည့် အထောက်အထားသစ်များ ရရှိထားသည်။

By စောသန္တာအေး 16 Oct 2020

အိမ်ခြေ ၁၂၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသော တောင်ပေါက်နှင့် ဘုရားပေါင်းကျေးရွာအား ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ဂြိုလ်တုစလောင်းမှ ရိုက်ယူထားသောဓာတ်ပုံ။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့ (AI) သည် ရခိုင်ဒေသတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (အေအေ) တို့၏ ပဋိပက္ခအကြား၌ အရပ်သားများ လက်လွတ်စပယ် တိုက်ခိုက်ခံနေရသည့် အထောက်အထားသစ်များ ရရှိထားသည်။

ယခုရရှိထားသော အထောက်အထားသစ်များသည် ကိုယ်တိုင်ကြုံခဲ့ရသူများ၏ ထွက်ဆိုချက်များ၊ ရခိုင်ပြည်နယ်အတွင်းမှ ရရှိထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များ၊ ဂြိုလ်တုစလောင်းများ ရိုက်ယူထားသည့် ဓာတ်ပုံများ၊ မီဒီယာများက ဖော်ပြကြသည့် သတင်းများနှင့် လူထုအခြေပြု အဖွဲ့အစည်းများထံမှ ရရှိထားသည့် အချက်အလက်များ ဖြစ်သည်။

မြန်မာစစ်တပ်နှင့် အေအေအကြား တိုက်ပွဲများ အရှိန်လျော့လာခြင်း မရှိသလို အရပ်သားများသည်လည်း စစ်ဘေးဒဏ်ကို ခံစားနေရဆဲဖြစ်ကြောင်း AI အဖွဲ့၏ ဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Min Yu Hah က ပြောကြားသည်။

“အရပ်သားတွေ ဒုက္ခရောက်မှာကို အလေးမထားတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ တစ်နေ့ထက်တစ်နေ့ ပိုမို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဖြစ်လာသလို အရှက်သိက္ခာမဲ့တဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။” ဟု သူကဆိုသည်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ဆီ လွှဲပြောင်းပေးဖို့ အချိန်မဆိုင်းဘဲ ဆုံးဖြတ်သင့်တယ်” ဟုလည်း သူကဆက်လက်ပြောကြားသည်။

အရပ်သားများနေထိုင်ရာ နေရာများအနီးတွင် တွေ့ရှိရသည့် မြေမြှုပ်မိုင်း ဓာတ်ပုံများအား AI အဖွဲ့၏ လက်နက်ဆိုင်ရာ ကျွမ်းကျင်သူများ စစ်ဆေးချက်အရ မြန်မာစစ်တပ်က အသုံးပြုလေ့ရှိသည့် MM2 အမျိုးအစားဖြစ်ကြောင်း တွေ့ရှိရသည်။ ဤအမျိုးအသားသည် ပုံမှန် မြေမြှုပ်မိုင်းထက် အရွယ်အစားပိုကြီးပြီး ပေါက်ပွဲမှုအားလည်း ပိုပြင်းသည်။

အေအေနှင့် မြန်မာစစ်တပ် နှစ်ဖွဲ့လုံးသည် လူသေစေနိုင်သည့် လက်နက်ပစ္စည်းများ အသုံးပြုကြသဖြင့် မည်သူ့လက်နက်များဖြစ်သည်ကို သက်သေပြရန် မလွယ်ကူပေ။ အေအိုင်အဖွဲ့အနေဖြင့်လည်း မြေပြင်တွင် သွားရောက်မှတ်တမ်းယူခွင့် ရရန် အဟန့်အတားများ ရှိနေသည်။

မကြာသေးမီလများအတွင်း ရခိုင်နှင့် ချင်းပြည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် သေဆုံး ဒဏ်ရာရသူ အရပ်သား အများအပြားရှိနေကြောင်းကို ယုံကြည်လောက်သည့် လူထုအခြေပြု အဖွဲ့အစည်းများနှင့် ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာစစ်တပ်သည် ဘူးသီးတောင်တွင် မွတ်ဆလင်ကလေးငယ်များအား ပေါ်တာဆွဲခြင်းများ ရှိနေကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်များအရ သိရှိရသည်။

ရခိုင်နှင့် ချင်းပြည်နယ်များတွင် လက်နက်ကိုင် ပဋိပက္ခကြောင့် ၂၀၁၈ ဒီဇင်ဘာမှစတင်ကာ လက်ရှိအချိန်ထိ သေဆုံးသူ အရပ်သားစုစုပေါင်း ၂၈၉ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၆၄၁ ဦးရှိနေပြီဟု အရပ်ဘက်အဖွဲ့အစည်းတစ်ခုက ခန့်မှန်းတွက်ချက်ထားသည်။

သို့သော် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အင်တာနက် ဖြတ်တောက်ခံထားရခြင်း၊ မြန်မာအစိုးရက မီဒီယာများ၏ သတင်းတင်ဆက်မှုကို နှိပ်ကွပ်မှုများ ပိုများလာနေခြင်းတို့ကြောင့် အချက်အလက်များကို အတိအကျ တွက်ချက်၍ ရနိုင်မည်မဟုတ်ပေ။

၂၀၂၀ ဇူလိုင်လတွင် မြန်မာစစ်တပ်၏ မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု များကြောင့် ကလေးငယ်များအပါအဝင် အရပ်သားများ သေဆုံး ဒဏ်ရာရမှုများ ရှိခဲ့သည်ကို AI အဖွဲ့က မှတ်တမ်းပြုစုနိုင်ခဲ့သည်။

စက်တင်ဘာလအစောပိုင်းတွင် မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်အလယ်ပိုင်း ကျောက်တော်မြို့နယ်ရှိ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ကိုယ်တိုင်ကြုံတွေခဲ့ရသူ ဘုရားပေါင်းရွာသား ဦးကျော်တင် (အမည်လွှဲ) ၏ အဆိုအရ မြန်မာစစ်တပ်သည် သူတို့ရွာကို လမ်းဘက်နှင့် တောင်ကုန်ဘက်မှ နှစ်ဘက်ပိတ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

AI အဖွဲ့က ရရှိထားသော အချက်အလက်များအရ ဆိုလျှင် ထိုနေ့ညနေတွင် မြန်မာစစ်တပ်သည် ရွာသားနှစ်ဦးကို ဖမ်းဆီးသွားသည်။ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ထိုရွာသားနှစ်ဦး၏ အလောင်းအား နောက်နေ့နံနက်တွင် ရွာအနီးရှိ မြစ်မှ ဆယ်ယူရရှိခဲ့သည်။

မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ကမူ “ရန်သူနှစ်ဦး၏ အလောင်းများအား သေနတ်တစ်လက်နှင့် အတူ” ဖမ်းဆီးရမိခဲ့သည်ဟု မီဒီယာများကို ပြောကြားခဲ့သည်။

AI အဖွဲ့က ရရှိထားသော စက်တင်ဘာလ ၁၀ ရက်နေ့ ဂြိုလ်တုစလောင်း ဓာတ်ပုံများအရ ဘုရားပေါင်းနှင့် တောင်ပေါက် ကျေးရွာနှစ်ခုရှိ လူနေအိမ်ခြေ ၁၂၀ ကျော် မီးရှို့ဖျက်ဆီးခံထားရသည်ကို တွေ့ရသည်။

စက်တင်ဘာလ ၈ ရက်နေ့ကလည်း မြေပုံမြို့နယ် ညောင်ကန်ကျေးရွာတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

ဇနီးနှင့်သမီး ဆုံးရှုံးခဲ့ရသူ ဦးမောင်စိုး (အမည်လွှွှဲ) အပါအဝင် ရွာသားများက ထိုအချိန်၌ မြန်မာစစ်တပ်နှင့် အေအေတို့ ညောင်ကန်ရွာတွင် တိုက်ပွဲဖြစ်ပွားနေခြင်း မရှိဟုဆိုသည်။ ရွာထဲသို့ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးသည် မြေပုံနှင့် အမ်းမြို့နယ်စပ်ကြားရှိ မြန်မာစစ်တပ် အခြေစိုက်စခန်းမှ ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု ရွာသားများက ယူဆကြသည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (UNOCHA) က အသစ်ထုတ်ပြန်သော အချက်အလက်များအရ ရခိုင်တွင် ၂၀၁၉ ဇန်နဝါရီမှ ၂၀၂၀ စက်တင်ဘာအထိ စစ်ဘေးရှောင် ဒုက္ခသည်စုစုပေါင်း ၈၉၅၆၄ ဦးရှိပြီး ယာယီစခန်း နေရာ ၁၈၀ ရှိသည်ဟု သိရသည်။

သို့သော် ဤအချက်အလက်များသည် ရခိုင်ပြည်နယ်အစိုးရနှင့် UNOCHA တို့ ပူးပေါင်းထုတ်ပြန်သည့် အချက်များအပေါ် တွက်ချက်ထားသာ ဖြစ်သည်။ ဒေသခံ လူထုအခြေပြု အဖွဲ့များကမူ အမှန်တကယ် စာရင်းအချက်အလက်များသည် အများကြီးပိုသည်ဟု ဆိုသည်။

ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ၂၀၁၉ ခုနှစ်တည်းက ဖြတ်တောက်ထားခဲ့သည့် အင်တာနက်အား အစိုးရက ၂၀၂၀ သြဂုတ်တွင် မြို့နယ်အချို့၌ ပြန်ဖွင့်ပေးသော်လည်း နေရာအများအပြားတွင် 2G အဆင့်သာရှိပြီး ထိထိရောက်ရောက် အသုံးပြုနိုင်သည့် အဆင့်မရှိပေ။

အေအေသည် အင်တာနက်မှတစ်ဆင့် လှုံ့ဆော်စည်းရုံးမှုများ ပြုလုပ်ခြင်း၊ အဝေးထိန်းခလုတ်များ အသုံးပြုကာ မိုင်းခွဲခြင်းများ လုပ်ဆောင်သဖြင့် လိုအပ်ချက်အရ အင်တာနက် ဖြတ်တောက်ရခြင်းဟု မြန်မာအစိုးရက ဆိုသည်။

သို့သော် မြေပြင်အခြေအနေ၌မူ အင်တာနက်ဖြတ်တောက်မှုကြောင့် ပဋိပက္ခနှင့် ကိုဗစ်-၁၉ ကပ်ဘေးဒဏ်များအကြား စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေသော နေရာများသို့ ဆက်သွယ်ရန် သာမက သတင်းအချက်အလက် ဖြန်ချိရာတွင်လည်း အခက်အခဲ ကြုံနေရသည်။

အစိုးရက ထုတ်ပြန်ထားသည့် စည်းကမ်းများကြောင့် ရခိုင်နှင့် ချင်းရှိ မြို့နယ်များတွင် စားနပ်ရိက္ခာ အကူအညီများ ပိတ်ပင်ခံရသည်များလည်း ရှိသည်။

ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုသည် အလွန်ညံ့ဖျင်းဆဲဖြစ်သည်။ မွတ်ဆလင်များသည်လည်း သွားလာလှုပ်ရှားခွင့် အကြီးအကျယ် ကန့်သတ်ခံထားရသလို ရဲနှင့် စစ်တပ်က မကြာခဏဆိုသလို ၎င်းတို့ကို ခြိမ်းခြောက်ငွေညှစ်မှုများလည်း ရှိသည်။

မြန်မာအစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ဆောင်ရွက်နေသူများကို အကန့်အသတ်မရှိ သွားလာဆောင်ရွက်ခွင့် ပြုသင့်သလို ရခိုင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလည်း အပြည့်အဝ စီမံပေးသင့်သည်။

COVID-19 ကန့်သတ်ချက် စည်းကမ်းများမှတစ်ဆင့် ရရှိထားသော အာဏာနှင့်လုပ်ပိုင်ခွင့်များသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဖြစ်ပွားအောင် ဖန်တီးပေးသကဲ့သို့ ဖြစ်လာမည်ကို AI အဖွဲ့က စိုးရိမ်ပူပန်မှုရှိသည်။

မကြာသေးမီကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်များ တိုးမြှင့်နေရာချထားမှုများ ရှိလာသည့် အပေါ်တွင်လည်း AI အဖွဲ့အနေဖြင့် စိုးရိမ်မကင်းဖြစ်မိသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ရခိုင်အရေးကို ကျယ်ကျယ်လောင်လောင် တိုက်တွန်း ဆောင်ရွက်ရတော့မည် ဖြစ်သည်။ မဟုတ်ပါက မွတ်ဆလင်အရေးတွင် သတိပြုရန်နောက်ကျခဲ့သည့် အခြေအနေမျိုး ထပ်ကြုံရကာ အကာအကွယ်ပေးရန် အဘယ်ကြောင့် ပျက်ကွက်ခဲ့သနည်း ဆိုသည့်မေးခွန်းနှင့် နောက်တစ်ကြိမ်ရဆိုင်ရမည်ဟု Ming Yu Hah ဆိုသည်။

စောသန္တာအေး
(နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာ “Myanmar: Villages burned, civilians injured and killed as Rakhine State conflict escalates” အား ကောက်နုတ်မြန်မာပြန်ဆိုသည်။)

ဗီဒီယိုများ